နေပြည်တော် အောက်တိုဘာ ၁၅
၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများအား နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပ လေ့လာရေးခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက MAI လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
မွန်းလွဲပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ ရောက်ရှိရာ သံရုံးယာယီတာဝန်ခံ ဒေါက်တာဇော်မင်းအောင်က ခရီးစဉ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ ညပိုင်းတွင် Cricket Club ၌ မြန်မာသံရုံးမှ ညစာဖြင့် တည်ခင်းဧည့်ခံပြီး ထူးချွန်ကျောင်းသား ကျောင်းသူများသည် Merlion Park သို့ သွားရောက်လည်ပတ်လေ့လာကြသည်။
ယနေ့နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများသည် Botanic Garden သို့ သွားရောက် ကြည့်ရှု လေ့လာကြပြီး Singapore Institute of Management University သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆို၍ နှုတ်ခွန်းဆက်စကားပြောကြားကာ တက္ကသိုလ်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် ပို့ချလျက်ရှိသော ဘာသာရပ်ဆိုင်ရာသင်တန်းများအကြောင်း ရှင်းလင်းပြောကြားပြီး တက္ကသိုလ်အတွင်း လေ့လာကြည့်ရှုကြသည်။
ထို့နောက် Singapore Institute of Management University မှ Hainanese Chicken Rice စားသောက်ဆိုင်၌ နေ့လယ်စာသုံးဆောင်ကြပြီး မွန်းလွဲပိုင်းတွင် Gardens by the bay သို့ သွားရောက်လေ့လာကြသည်။
ညနေပိုင်းတွင် Sentosa သို့ ရောက်ရှိကာ Singapore Ocean-arium ကို ကြည့်ရှုလေ့လာခဲ့ကြပြီး ထူးချွန်ကျောင်းသား ကျောင်းသူများသည် Vivo City Shopping Center တွင် ဈေးဝယ်လေ့လာခဲ့ကြောင်း သိရသည်။
သတင်းစဉ်


