တောင်ကြီး အောက်တိုဘာ ၁၆
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ထောပတ်သီးများ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ထောပတ်သီး စိုက်ပျိုးသူများ၊ ထောပတ်သီးတင်ပို့သူ လုပ်ငန်းရှင်များနှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့တွင် တောင်ကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက မြန်မာနိုင်ငံမှ ထောပတ်သီးများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တရားဝင်တင်ပို့ရောင်းချနိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) နှင့် ဆက်သွယ်ဆောင်ရွက်မှုများအခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ GACC မှ ထောပတ်သီးစိုက်ပျိုး၊ ခူးဆွတ်၊ ထုပ်ပိုးခြင်းနှင့် တင်ပို့သည့် လုပ်ငန်းစဉ်များအား နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း လာရောက်စစ်ဆေးခြင်းနှင့် အဝေးရောက် ဗီဒီယိုဖြင့် စစ်ဆေးခြင်းဆောင်ရွက် မည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ထောပတ်သီး စိုက်ပျိုးသည့်ခြံများ၊ တင်ပို့သည့် လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ သတ်မှတ်ထားသော ထိန်းချုပ်ပိုးမွှားများအား အမျိုးအစားခွဲခြား ခြင်းနှင့် ဘက်စုံကာကွယ်နှိမ်နင်းရေး နည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ပညာရှင်များက လိုအပ်သည်များကို ကဏ္ဍအလိုက် ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)


