နေပြည်တော် အောက်တိုဘာ ၁၆
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်ဇုန်ရှိ အားကစားကွင်း၌ ဆက်လက်ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပရိသတ်များ တစ်ခဲနက်လာရောက်ကြည့်ရှု အားပေး ကြသည်။
ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ (ဂိုးမရှိ)သရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အဖြစ် အောက်တိုဘာ ၁၁ ရက်မှ ၁၈ ရက်အထိ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဇုန်လေးဇုန်ခွဲ၍ ကျင်းပလျက်ရှိရာ အောက်တိုဘာ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပမည့် ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
အောက်တိုဘာ ၁၇ ရက် ပြိုင်ပွဲ ပွဲစဉ်အဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


