ရန်ကုန်   အောက်တိုဘာ   ၁၆

၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ် ပြိုင်ပွဲ  ပွဲစဉ်(၂၅)   ဒုတိယနေ့ကို အောက်တိုဘာ    ၁၆   ရက်က ဆက်လက်ကျင်းပရာ အား/ကာ သိပ္ပံအသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင်  အား/ကာသိပ္ပံအသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို   သုံးဂိုး-နှစ်ဂိုးဖြင့်   အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် အပြန်အလှန်သွင်းဂိုးများဖြင့် အနိုင်ယူပြီး ဒဂုံစတားယူနိုက်တက်အသင်း   သရေကျခဲ့သဖြင့်    ထိပ်ဆုံးနေရာ လွှဲပြောင်းရယူနိုင်ခဲ့သည်။ ထို့ကြောင့် အား/ကာသိပ္ပံအသင်းသည် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲအဖြစ် ဒဂုံစတား အသင်းနှင့် နောက်ဆုံးပွဲကစားရမည်ဖြစ်ပြီး သရေကစားနိုင်ရုံဖြင့် ချန်ပီယံဆုရယူနိုင်မည် ဖြစ်သည်။ အား/ကာသိပ္ပံအသင်းအတွက် ဂိုးများကို ၁၇ မိနစ်တွင် ဝင်းမင်းသူ၊ ၂၉ မိနစ်တွင် ကောင်းခန့်ကျော်၊ ၉၀+၅ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့်  သက်ထူးဆန်းတို့က  သွင်းယူပြီး  ရန်ကုန်ယူနိုက်တက် အသင်းအတွက် ချေပဂိုးများကို ၃၁ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် မောင်တော့ပ်၊ ၄၁ မိနစ်တွင် အာရွယ်တို့က သွင်းယူသည်။

သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည်  နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ  ဂိုးများ ပြန်ပေးရကာ သရေကျခဲ့ပြီး ယခုပွဲသရေရလဒ်ကြောင့် ထိပ်ဆုံးမှ ဖယ်ပေးခဲ့ရသလို နောက်ဆုံးပွဲတွင် အား/ကာသိပ္ပံအသင်းကို အနိုင်ကစားနိုင်မှသာ  ချန်ပီယံဆု  ရယူနိုင်မည်ဖြစ်သည်။  ဒဂုံစတားယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးများကို    ခြောက်မိနစ်တွင်   အောင်ခန့်ကျော်၊    ၁၆ မိနစ်တွင် စောအာကာလူးတို့က သွင်းယူပြီး ရှမ်းယူနိုက်တက်အသင်း အတွက် ချေပဂိုးများကို ၄၅+၄ မိနစ်တွင် ခွန်ရဲဇော်၊ ၆၅ မိနစ်တွင် ဒဂုံစတားအသင်းမှ မျိုးမင်းသူ ကိုယ့်ဂိုးကိုယ်သွင်းမိ၍ တစ်ဂိုးပြန်လည်ရရှိသည်။ ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပသည့်ပွဲတွင် မဟာယူနိုက်တက်အသင်းက Dagon Port အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ချန်ပီယံဆုအတွက် ၅၇ မှတ်ရထားသည့် အား/ကာသိပ္ပံအသင်းနှင့် ၅၆ မှတ်ရထားသည့် ဒဂုံစတားယူနိုက်တက်အသင်းတို့ အပြိုင်ဖြစ်နေပြီး အောက်တိုဘာ ၂၃ ရက်တွင် သုဝဏ္ဏကွင်း၌ အဆုံးအဖြတ် ပွဲကစားရမည်ဖြစ်သည်။ ယင်းနှစ်သင်းသည် မူလရေးဆွဲထားသည့် ပွဲစဉ်အရ ယခုတစ်ပတ်  ပွဲစဉ် (၂၅)တွင်  ကစားရမည်ဖြစ်သော်လည်း မြန်မာနေရှင်နယ်လိဂ်က ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲ ဖြစ်သောကြောင့် ပွဲစဉ် (၂၅) နှင့် (၂၆) ကို အပြောင်းအလဲပြုလုပ်ကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၂၅) နောက်ဆုံးနေ့ကို  အောက်တိုဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဒုမ္မာကွင်း၌ Junior Lions အသင်းနှင့် သစ္စာအားမာန်အသင်း၊ ဗဟန်းမြက်ခင်းတုကွင်း၌ ရတနာပုံအသင်းနှင့် ရာမညယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MNL