ရန်ကုန် ၁၆ မတ် 

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ရန်ကုန်ရုံးခွဲ)ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ ခြံအမှတ် (၆၂-က)ရှိ အဆိုပါရုံးခွဲ၌ ကျင်းပခဲ့သည်။

 

အဆိုပါ ကော်မရှင်ရုံးခွဲဖွင့်လှစ်ခြင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အမှာစကားပြောကြားခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကြိုးပမ်းဆောင် ရွက်နေတဲ့အခြေအနေဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကူးပြောင်းဆောင်ရွက်တဲ့အချိန်မှာ ကျောသားရင်သား မခွဲခြားဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်တို့က ရုံး အဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အဦ ကမ္ဗည်းကြေးပြားအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကာ အဆောက်အဦကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဒိရပ်ကွက်၊ အားက စားလေ့ကျင့်ရေးစခန်း အုပ်စု(၁)တွင် ဖွင့်လှစ်ထားပြီး ယခုဖွင့်လှစ်သော ရန်ကုန်ရုံးခွဲသည် ကော်မရှင်၏ ပထမဆုံးရုံးခွဲဖြစ်ကာ မန္တလေးရုံးခွဲကိုလည်း ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

ရန်ကုန်ရုံးခွဲကို ဗဟိုပြုကာ ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်နေသော တိုင်းဒေသကြီးများနှင့်ပြည်နယ် များတွင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများ နှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားနိုင်မည့်အပြင် လူထုနှင့် ပိုမို နီးကပ်စွာ ထိတွေ့ဆက်ဆံဆွေးနွေးနိုင်ခွင့်လည်း ရရှိလာမည်ဖြစ်ကြောင်း သိရသည်။ 

 

အဂတိလိုက်စားမှုသတင်းများဖလှယ်ရာ၊ အကြံပေးဆွေးနွေးတိုင်ပင်ရာ၊ လေ့ကျင့်သင်ကြားပေးရာ၊ အလုပ် ရုံဆွေးနွေးပွဲများ ပြုလုပ်ရာနှင့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာ နေရာတစ်ခုအဖြစ် မကြာခင် ဖြစ်လာလိမ့်မည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။ ယနေ့ ဖွင့်လှစ်သည့် ရန်ကုန်ရုံးခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးစိုးတင့်က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း လုပ်ငန်းခွဲဝေတာဝန်ချထားပေးပြီးဖြစ်ကြောင်းသိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း

 

DSC_133