စစ်ကိုင်း ၁၆ မတ်
စစ်ကိုင်းမြို့တွင် တစ်ခုတည်းရှိသော ဇေယျာသီရိရုပ်ရှင်ရုံကို ပြန်လည်ဖွင့်လှစ်ပြသရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က အဆိုတင်သွင်းခဲ့ရာ အဆိုအောင်မြင်ခဲ့သည်မှာ နှစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သော်လည်း ယနေ့ အချိန်ထိ ဖွင့်လှစ်ပြသနိုင်ခြင်းမရှိသေးကြောင်း စစ်ကိုင်းတိုင်းလွှတ်တော် အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ၊ စီစစ်ရေးကော်မတီမှ သိရသည်။
စစ်ကိုင်းမြို့ရှိ ဇေယျာသီရိရုပ်ရှင်ရုံကို မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၁ ခုနှစ်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ဝယ်ယူခဲ့ပြီး၊ဝယ်ယူခဲ့စဉ်က စာချုပ်ပါစည်းကမ်းချက်များအရ ကုမ္ပဏီအနေ ဖြင့် ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရမည်ဟု ပါသော်လည်း ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စာချုပ်ပါ စည်းကမ်းများကို ဖောက်ဖျက်၍ ရုပ်ရှင်ရုံ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်းမရှိသောကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ဇေယျာသီရိရုပ်ရှင်ရုံကို ပြန်လည်ဖွင့်လှစ်ပြသရေးအတွက် တိုက်တွန်းကြောင်း အဆိုကို ၂၀၁၇ ခုနှစ် မတ် ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ရာ ကန့်ကွက်မည့်သူ မရှိဘဲ အတည်ပြုနိုင်ခဲ့သော်လည်း ယနေ့ထိ ဖွင့်လှစ်ပြသပေးခဲ့ခြင်း မရှိကြောင်း သိရသည်။
''လွှတ်တော်မှာ အဆိုအောင်ထားပြီးပြီဆို အကောင်အထည်ဖော်ရမှာက အစိုးရရဲ့ လုပ်ငန်းတာဝန်ဖြစ်တယ်" ဟု စစ်ကိုင်းတိုင်းလွှတ်တော်၏ အာမခံချက်များ၊ ကတိကဝတ်များနှင့်တာဝန်ခံချက်များ၊ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုမြတ်ထက်က ပြောပြ၍ သိရသည်။
ကိုမင်း(အင်းတော်)


