နေပြည်တော် အောက်တိုဘာ ၁၇
ပြည်ပနိုင်ငံတွင် နေထိုင်ပြီး အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်ကာ နိုင်ငံတော်ကိုဆန့်ကျင်၍ အကြမ်းဖက် အုပ်စုများအား ငွေကြေးထောက်ပံ့မှု ပြုလုပ်သည့်သူများကို ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ရောက်ရှိနေထိုင်သည့် သူဇာမောင် (ခ) Rashidah Binti Abdul Azeez သည် မလေးရှားနိုင်ငံ၌ မြန်မာမွတ်စလင်ဒုက္ခသည်များ ကော်မတီ (Myanmar Muslim Refugee Community-MMRC)ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ယင်းအဖွဲ့အစည်းမှ ရရှိသော ငွေကြေးအကျိုးအမြတ်များဖြင့် အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အဖွဲ့ကို ငွေကြေး ထောက်ပံ့ခြင်း၊ NUG အဖွဲ့အတွက် ရန်ပုံငွေရှာ ဖွေပေးခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းကို မြစ်သားမြို့နယ် မြစ်သား မြို့မရဲစခန်း၌ (ပ) ၁၄၀/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ပြီး မြစ်သားမြို့နယ်တရားရုံးသို့ ယင်း ဥပဒေပုဒ်မ ၅၂(က)/ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံး က ရာဇဝတ်အထွေထွေမှုအမှတ် ၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက် တွင် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့သည်။
ယခုအခါ သူဇာမောင်၊ ၎င်း၏ ခင်ပွန်းစောသန်းတင်ဝင်းနှင့် သားသမီးသုံးဦးတို့သည် မြန်မာ နိုင်ငံအတွင်း တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးရမိသဖြင့် စစ်ဆေးဖော်ထုတ်ချက်အရ သူဇာမောင်သည် MMRC အဖွဲ့ကို ဖွဲ့စည်းပြီး UNHCR နှင့် NGO/INGO အဖွဲ့အစည်းများထံမှ အထောက်အပံ့များ ရရှိရန်ဆောင်ရွက်၍ ရရှိသော အထောက်အပံ့များကို တရားမဝင်ရွှေ့ပြောင်း လုပ်သားများအား MMRC အဖွဲ့မှ ထောက်ပံ့ကြောင်းလိမ်လည်ကာ အဖွဲ့ဝင်များဖြစ်အောင် စည်းရုံးခြင်း၊ အကြောင်းမျိုးမျိုးဖြင့် တရားမဝင်ရောက်ရှိလာသူများကို UN-HCR ၏ ဒုက္ခသည်အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ရရှိသည့်ငွေကြေးအကျိုးအမြတ်များကို ၎င်း၏မိသားစု အကျိုးစီးပွားပြုလုပ်ခြင်း၊ အကြမ်းဖက်အုပ်စုဖြစ်သည့် NUG နှင့် ယင်း၏လက်အောက်ခံများကို ငွေကြေးလှူဒါန်းခြင်း၊ ရန်ပုံငွေရှာဖွေပံ့ပိုးခြင်းများ ပြုလုပ်ကြောင်းတွေ့ရှိရသည့်အတွက် ၎င်းတို့ကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


