နေပြည်တော် အောက်တိုဘာ ၁၈
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-အောင်လံ-ပုဂံ ရထား လမ်းပိုင်းပေါ်ရှိ ဆတ်သွားနှင့် ကိုးပင်အကြား တံတားအမှတ်(၃၄၃) ရန်ပယ်ချောင်းကူးတံတားသည် ရေတိုက်စားပျက်စီးခဲ့ခြင်း ကြောင့် ရန်ကုန်-အောင်လံ- ပုဂံပြေးဆွဲနေသော အမှတ်(၆၁)အဆန်/ (၆၂)အစုန်ရထားများကို စက်တင်ဘာ ၃၀ ရက်မှစ၍ ယာယီရပ်နားထားခဲ့ရသည်။
မြန်မာ့မီးရထားအနေဖြင့် အဆိုပါပျက်စီးမှုများကို ဦးစားပေးပြုပြင်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများ အဆင်ပြေစွာခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များအဆင်ပြေစွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် ပုဂံ-အောင်လံ-ရန်ကုန် လမ်းပိုင်းတွင် ပြေးဆွဲပေးခဲ့သော အမှတ်(၆၂)အစုန် ရထားကို အောက်တိုဘာ ၂၁ ရက်မှစတင်ပြီး ပုဂံ-ပျဉ်းမနား-ရန်ကုန် ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲပေးသွားမည် ဖြစ်သည်။
အဆိုပါ အမှတ်(၆၂)အစုန် လူစီးရထားကို အောက်တိုဘာ ၂၁ ရက် (အင်္ဂါနေ့) ညနေ ၆ နာရီတွင် ပုဂံဘူတာမှ စတင်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အမှတ်(၆၁)အဆန် ရန်ကုန်-ပျဉ်းမနား-ပုဂံရထားကို အပတ်စဉ် (သောကြာနေ့)နှင့် အမှတ်(၆၂)အစုန် ပုဂံ- ပျဉ်းမနား-ရန်ကုန်ရထားကို အပတ်စဉ်(အင်္ဂါနေ့) တို့တွင် ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အမှတ်(၆၁)အဆန်ရထားသည် ရန်ကုန်မှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး ပုဂံသို့ နောက်တစ်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ အမှတ်(၆၂) အစုန်ရထားသည် ပုဂံမှ ညနေ ၆ နာရီထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။
ခရီးစဉ် အစအဆုံးအတွက် လက်မှတ်ခအနေဖြင့် ရိုးရိုးတန်းကျပ် ၁၆၀၀၀၊ အထက်တန်းကျပ် ၂၆၀၀၀ နှင့် အိပ်စင်တစ်ဦးလျှင်ကျပ် ၃၄၀၀၀ ဖြစ်ကြောင်းနှင့် လမ်းခရီးတစ်လျှာက် တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ လယ်ဝေး၊ ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြှား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊ ဆုတည်ဘူတာတို့တွင် ရပ်တန့်မည်ဖြစ်သည်။
ရပ်တန့်မည့်ဘူတာများနှင့် လက်မှတ်ခနှုန်းထားများကို ဘူတာများတွင် အသေးစိတ်ထုတ်ပြန်ကြေညာထား ပြီဖြစ်ပြီး ရိုးရိုးတန်းအတွက် လက်မှတ်များကို တစ်ရက်ကြိုတင်၍လည်းကောင်း၊ အထက်တန်းနှင့် အိပ်စင်အတွက် လက်မှတ်များကို သုံးရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရ သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင် သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း- သာရဝေါလမ်းပိုင်း စသည့် လမ်းပိုင်းများတွင် လူစီးရထား ခရီးစဉ်များ စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


