အေးအေးမြင့်(စိုက်ပျိုးရေး)
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍဟူ၍ ကဏ္ဍသုံးရပ်ရှိသည့်အနက် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် မှီတင်း နေထိုင်ကြသည့် ကျေးလက်ဒေသ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက် မြင့်မားရေး အားပေးဆောင်ရွက်ရန် အရေးကြီးပါသည်။
စိုက်ပျိုးရေးထုတ်ကုန်များအနက် ရော်ဘာသည် ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချ၍ နိုင်ငံခြားဝင်ငွေရှာဖွေပေး လျက်ရှိသည့်အပြင် ပြည်တွင်း စက်မှုလုပ်ငန်းများအတွက်လည်း ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ရော်ဘာအခြေခံ အသေးစား၊ အလတ်စားနှင့် အကြီးစားထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ပေးလျက်ရှိသဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု
မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေနှင့် ရာသီဥတုအခြေအနေအရ မကွေးတိုင်းဒေသကြီးကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသမှအပ မြန်မာနိုင်ငံဒေသအားလုံးနီးပါးတွင် ရော်ဘာစိုက်ပျိုးဖြစ်ထွန်းခြင်း၊ နိုင်ငံတော်ကလည်း စီမံကိန်းများ ချမှတ်၍ အားပေးဆောင်ရွက် လျက်ရှိခြင်းတို့ကြောင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ရော်ဘာစိုက်ဧရိယာများ သိသိသာသာ တိုးတက်လာခဲ့ပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရော်ဘာသီးနှံစိုက်ဧရိယာ ၁၆၃၉၆၆၄ ဧကအထိရှိလာပြီး အစေးခြစ် ဧရိယာ ၁၀၅၀၈၆၂ ဧကမှ ရော်ဘာတန်ချိန် ၃၄၆၇၆၈ တန်အထိ ထုတ်လုပ်လာနိုင်ခဲ့ပါသည်။ မှိုင်းခံရော်ဘာနှင့် ခရမ့်ရော်ဘာများ ထုတ်လုပ်ပြီး ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်း ခန့်သာ ပြည်တွင်းစက်မှုလုပ်ငန်းများတွင် သုံးစွဲပြီး ကျန် ၉၀ ရာခိုင်နှုန်းကျော်ကို ပင်လယ်ရေကြောင်း နှင့် နယ်စပ်မှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ ရောင်းချလျက်ရှိပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် စုစုပေါင်း ရော်ဘာတန်ချိန် ၂၉၉၆၃၉ တန် ကျော် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံတော်အတွက် ပြည်ပ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၈၁ ဒသမ ၀၄၂ သန်း ရှာဖွေပေးနိုင်ခဲ့ပါသည်။ ထို့ပြင် သက်တမ်းလွန် ရော်ဘာပင်အိုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခုတ်လှဲ၍ ရော်ဘာသစ်ထုတ်လုပ်ကာ ပြည်ပတင်ပို့ ရောင်းချခြင်းမှလည်း ပြည်ပဝင်ငွေရှာဖွေပေးလျက်ရှိပါသည်။ သို့ဖြစ်၍ ပြည်တွင်းစက်ရုံများ၏ ကုန်ကြမ်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြည်ပဝင်ငွေတိုးတက်ရရှိနိုင်ရန်အတွက် ရော်ဘာ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
ရော်ဘာထုတ်လုပ်မှုတိုးတက်ရေး
ရော်ဘာထုတ်လုပ်မှု တိုးတက်လာရေးတွင် စိုက်ပျိုးမြေကန့်သတ်ချက်များရှိလာခြင်းကြောင့် စိုက်ဧရိယာတိုးချဲ့ စိုက်ပျိုးရန်မှာ အခွင့်အလမ်းနည်းပါးလာပြီး တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ပိုမိုအလေးထား ဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။ စိုက်ခင်းအသစ် စိုက်ပျိုးရာတွင်လည်းကောင်း၊ သက်တမ်းလွန် ရော်ဘာပင်အိုများခုတ်လှဲ၍ ပြန်လည်စိုက်ပျိုးရာတွင်လည်းကောင်း ဌာနထောက်ခံမျိုးများကိုသာ အသုံးပြုထားသည့် အဖူးကူးပျိုးပင်များဖြင့် စိုက်ပျိုးခြင်း၊ သတ်မှတ်စိုက်ပျိုးနည်း စနစ်များအတိုင်း စိုက်ပျိုးခြင်း၊ လိုအပ်သည့်သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်းခြင်း၊ စနစ်တကျ ပြုစုထိန်းသိမ်းခြင်း များကို နှစ်စဉ်ဆောင်ရွက်ရပါမည်။
ရော်ဘာပင် သတ်မှတ်လုံးပတ်ပြည့်ပြီး အစေးခြစ်ရမည့်အရွယ်ရောက်ရှိချိန်တွင်လည်း အစေးခြစ် လုပ်သားများ လုံလောက်စွာဖြင့် လူပြည့်ကွက်ပြည့် အစေးခြစ်နိုင်မှသာလျှင် အစေးအထွက်နှုန်းကောင်းမွန်ပြီး ထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်သည်။ ထို့ပြင် အစေးခြစ်လုပ်သားများသည် ကျွမ်းကျင်မှုရှိရန်လိုအပ်ပြီး အစေးခြစ် မကျွမ်းကျင်မှုကြောင့် ဓားစာနက်ပါက အခေါက်ပေါက်ခြင်း၊ အခေါက်ပေါက်ဒဏ်ရာမှ ရောဂါပိုးမွှားဝင်ရောက်၍ အပင်ရောဂါဖြစ်ပွားခြင်း၊ ဓားစာတိမ်ပြီး အစေး ကြောထိ မရောက်ပါက အစေးထွက်နည်းခြင်း၊ ဓားစာထူပါကလည်း စီးပွားရေးသက်တမ်းပြည့် အစေးမခြစ်နိုင်ခြင်းများ ဖြစ်ပေါ်လာပြီး အစေးအထွက်နှုန်းများ လျော့နည်းလာပါသည်။
ထို့ကြောင့် ရော်ဘာထုတ်လုပ်မှုတိုးတက်ရေးနှင့် ဝင်ငွေတိုးတက်ရေးအတွက် ရော်ဘာပင်များ စတင်အစေးခြစ်ချိန်မှ အစေးခြစ်သက်တမ်း တစ်လျှောက် စနစ်တကျအစေးခြစ်နိုင်သော ကျွမ်းကျင်အစေးခြစ်လုပ်သားများ လုံလောက်စွာ ရရှိရေးမှာ ခြံရှင်များအတွက် ပို၍အရေးကြီးလာ ကြောင်း တွေ့ရှိရပါသည်။
ကဏ္ဍစုံတွင်ထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်နေမှု
ကဏ္ဍစုံတွင် ထုတ်လုပ်မှုတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများရရှိရေးသည် အရေးကြီး သောကြောင့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ကို ၂၀၀၇ ခုနှစ်တွင် အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် စတင်တည်ထောင် ခဲ့ပါသည်။ အလုပ်သမားဝန်ကြီး ဌာနမှ Focal Ministry အဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံအဆင့် မြန်မာလုပ်သားထု၏ ကျွမ်းကျင်မှုအရည်အသွေး မူဘောင်နှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက် ခဲ့ပါသည်။ အဓိကအားဖြင့် အာဆီယံဒေသတွင်းကျွမ်းကျင်မှု အပြန်အလှန်အသိအမှတ် ပြုနိုင်ရေးနှင့် မြန်မာလုပ်သား ထု၏ ယှဉ်ပြိုင်နိုင်မှု စွမ်းရည်နှင့် စွမ်းဆောင်ရည်တိုးမြှင့်ရေးကို ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကျွမ်းကျင်မှုအခြေပြု လုပ်သားထုတစ်ရပ်ပေါ်ထွန်းရေး မျှော်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိရာတွင် လုပ်သား ဈေးကွက်အတွင်း လုပ်သားအင်အားလိုအပ်ချက်များပြားသော အလုပ်အကိုင်များအတွက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ၁၆ ခုအထိ ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ကော်မတီအလိုက် ကျွမ်းကျင်မှု “စံ” များ ရေးဆွဲအတည်ပြုခြင်း၊ လုပ်သားများအား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနတွင် စစ်ဆေးအကဲဖြတ် ရေးအဖွဲ့မှ စစ်ဆေးအကဲဖြတ်ခြင်း၊ စစ်ဆေးအကဲဖြတ်မှတ်တမ်းများကို ကော်မတီမှ စိစစ်ပြီး NSSA အဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရရှိပါက အတည်ပြုကြောင်း ပြန်ကြားခြင်း၊ အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ရော်ဘာထုတ်လုပ်မှုတိုးတက်ရေးဆောင်ရွက်မှု
လုပ်ငန်းကဏ္ဍအလိုက် ကော်မတီပေါင်း ၁၆ ခုတွင် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီလည်း ပါဝင်ပါသည်။ အဆိုပါကော်မတီတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ အလုပ်အကိုင်များ ပါဝင်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လုပ်သားလိုအပ်ချက်များ သော အလုပ်အကိုင်ဖြစ်သည့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့်(၁)အတွက် စစ်ဆေးအကဲဖြတ် နိုင်ရေး ကျွမ်းကျင်မှု “စံ” များ အဆင့်ဆင့် ရေးဆွဲအတည်ပြုပြီး ဖြစ်ပါသည်။
နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ(မုဒုံ)သည် ရော်ဘာအစေးခြစ်လုပ်သား ကျွမ်းကျင်မှုအဆင့်(၁) အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ကော်မတီ၏ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ခုနစ်ဦးနှင့် ပြင်ပပညာရှင် နှစ်ဦးတို့သည်လည်း သက်ဆိုင်ရာသင်တန်း များ တက်ရောက်ပြီးဖြစ်ကာ စစ်ဆေးအကဲဖြတ်သူများအဖြစ် ဆောင်ရွက်ရန် ကော်မတီ၏ အသိအမှတ်ပြု လက်မှတ်များရရှိထားပြီး ဖြစ်ပါသည်။
၂၀၁၈ ခုနှစ်မှစ၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)တို့ပူးပေါင်း၍ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သား ကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဖွင့်လှစ် ပေးခြင်း၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနတွင် ရော်ဘာအစေးခြစ် နည်းစနစ်များအား စာတွေ့၊ လက်တွေ့ သင်ကြား ပြသပေးခြင်း၊ စစ်ဆေးအကဲဖြတ်သူများက ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း၊ အောင်မြင်သူ များအား NSSA မှ အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ပေးခြင်းဖြင့် ကျွမ်းကျင်အစေးခြစ်လုပ်သားများ မွေးထုတ်ပေးလျက်ရှိ ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ အမျိုးသား အဆင့် ရော်ဘာအစေးခြစ်လုပ်သား ကျွမ်းကျင်မှု အဆင့်(၁) သင်တန်းအမှတ်စဉ် (၁၇) ကြိမ်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြည်နယ်/တိုင်းဒေသကြီးများရှိ ပုဂ္ဂလိက ရော်ဘာခြံများမှ ရော်ဘာအစေးခြစ်လုပ်သား အမျိုးသား ၄၀၄ ဦး၊ အမျိုးသမီး ၁၂၈ ဦး စုစုပေါင်း ၅၃၂ ဦးတို့အား ကျွမ်းကျင်ရော်ဘာ အစေးခြစ်လုပ်သားများအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ အသိအမှတ်ပြု လက်မှတ်ရရှိပြီး သော ကျွမ်းကျင်လုပ်သားများသည် သက်ဆိုင်ရာ ရော်ဘာခြံများသို့ ပြန်လည်ရောက်ရှိ ချိန်တွင် ခြံမှ အခြားအစေးခြစ်လုပ်သားများကို ဆင့်ပွားသင်တန်းပေးခြင်းဖြင့် နည်းပညာများ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ကျွမ်းကျင်ရော်ဘာ အစေးခြစ်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်သည် နှင့်အမျှ စနစ်တကျ အစေးခြစ်လာနိုင်ခြင်းဖြင့် ရော်ဘာထုတ်လုပ်မှု ပိုမိုတိုးတက်လာမည်ဖြစ်ပါသည်။
ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု
အဆင့်(၁) သင်တန်းပေးခြင်းအစီအစဉ်
ရော်ဘာအစေးခြစ်လုပ်သား ကျွမ်းကျင်မှု အဆင့်(၁) သင်တန်းဖွင့်လှစ်မည့် နေ့ရက်နှင့် ဖွင့်လှစ်မည့်အစီအစဉ်အား နိုင်ငံပိုင်သတင်းစာမှ ကြော်ငြာခေါ်ယူကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများရှိ ပုဂ္ဂလိကရော်ဘာခြံများမှ အစေးခြစ် လုပ်သားများ သင်တန်းတက်ရောက်နိုင်ကြောင်း၊ သင်တန်းဆောင်တွင် အခမဲ့နေထိုင်ခွင့်၊ သင်တန်းသားဝတ်စုံ နှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ပံ့ပိုးပေးကာ ကျွမ်းကျင်သင်တန်းနည်းပြများက အခမဲ့သင်ကြားပေးကြောင်း၊ သင်တန်းသားတစ်ဦးလျှင် တစ်ရက်စားစရိတ်ကျပ် ၈၀၀၀ နှုန်းဖြင့် သင်တန်း ကာလ ၁၅ ရက်အတွက် စားစရိတ်ကို သင်တန်းသား များက စရိတ်မျှခံပေးရမည်ဖြစ်ကြောင်း သိရှိရပါ သည်။ တစ်ကြိမ်လျှင်သင်တန်းသား ၃၀ လက်ခံ သင်ကြားပေးနေ၍ နောင်ဖွင့်လှစ်မည့် သင်တန်းအတွက် ကြော်ငြာခေါ်ယူချိန်တွင် စာရင်းပေး တက်ရောက် နိုင်ကြပါသည်။
သို့ဖြစ်ရာ ရော်ဘာထုတ်လုပ်မှုတိုးတက်လာရေးအတွက် ကျွမ်းကျင်အစေးခြစ်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းအားပေးဆောင်ရွက် ကြခြင်းဖြင့် ရော်ဘာထုတ်လုပ်မှုများ တိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ထုတ်လုပ်မှုတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းကုန်ကြမ်း လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည့်အပြင် ပြည်ပ ဈေးကွက်သေချာသောသီးနှံဖြစ်၍ ပြည်ပသို့ပိုမို တင်ပို့လာနိုင် မည်ဖြစ်ပါသည်။ ရော်ဘာခြံရှင်များနှင့် အစေးခြစ် လုပ်သားများလည်း ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်၍ နိုင်ငံတော်ရွှေသီးဖို့ ကျွမ်းကျင်အစေးခြစ်လုပ်သားများ မွေးထုတ်ပေးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။


