မိုးသားလေး (ဟိုတယ်/ခရီး)
ခရီးသွားလုပ်ငန်းသည် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးမားစွာအကျိုးသက်ရောက်မှုရှိသော ကြောင့် ရေရှည်တည်တံ့ခိုင်မြဲရေး အလေးထားဆောင်ရွက်ရန် အရေးကြီးပါသည်။
ခရီးသွားကဏ္ဍကို စဉ်ဆက်မပြတ် ဖော်ဆောင်ရာတွင် အထောက်အကူပြုမည့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းခြင်း၊ ဂေဟစနစ်နှင့် သဟဇာတဖြစ်သော ခရီးသွားလုပ်ငန်းများ သဘာဝအလှတရားများ၊ ပင်လယ်ကမ်းခြေ တောတောင် များ၊ မပျက်စီးစေရန် ဂရုစိုက်ခြင်း၊ စွန့်ပစ်ပစ္စည်းများ လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ စွမ်းအင်သုံးစွဲမှုကို လျှော့ချ စေရန် စွမ်းအင်ချွေတာသော ဟိုတယ်များ၊ လေ့လာရေးစင်တာများတည်ဆောက်ခြင်း၊ နေရောင်ခြည်၊ လေစွမ်းအင်ကဲ့သို့သော စွမ်းအင်များအသုံးပြုခြင်းအပြင် ဒေသခံများ၏ လူမှုစီးပွားဘဝမြှင့်တင်ခြင်း၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသခံတို့၏လုပ်ငန်းများ (ဥပမာ-လက်မှုပစ္စည်း၊ ဒေသအစားအစာ)ကို ခရီးသွားလုပ်ငန်း နှင့် ချိတ်ဆက်ပေးခြင်း၊ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးခြင်း၊ ယဉ်ကျေးမှုကိုထိန်းသိမ်း ခြင်း၊ ဒေသရိုးရာဓလေ့၊ ရှေးဟောင်းအမွေအနှစ် များကိုသတ်မှတ်ခြင်း၊ ထိန်းသိမ်းခြင်းတို့ ပါဝင်ပါသည်။
ခရီးသွားလာခြင်း
ခရီးသွားလာခြင်းဆိုသည်မှာ လူတို့သည် မိမိနေထိုင်ရာအရပ်ဒေသမှ အခြားနေရာဒေသသို့ အပန်းဖြေခြင်း၊ စီးပွားရေးနှင့် အခြားသောကိစ္စရပ်များအလို့ငှာ တစ်နှစ်ထက်မပိုသော သွားလာကြခြင်းကို ဆိုပါသည်။ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလာခြင်းတို့ကြောင့် ခရီးသွားလာသူများ ခရီးလမ်းတစ်လျှောက်ကိစ္စအဝဝ အဆင်ပြေစေရန် စီးပွားရေးအလို့ငှာ ဝန်ဆောင်မှုပေးသည့် ခရီးလှည့်လည်ရေးလုပ်ငန်း၊ ကုမ္ပဏီများနှင့် တည်းခိုရန် ဟိုတယ်များ ပေါ်ပေါက်လာပါသည်။ ခရီးသွား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအားဖြင့် ဆွဲဆောင်မှု၊ သွားလာရလွယ်ကူမှု၊ တည်းခိုနေထိုင်ရန် နေရာထိုင်ခင်းနှင့် စီမံခန့်ခွဲမှုတို့ လိုအပ်ပါသည်။
ခရီးသွားလုပ်ငန်းတွင် ကမ္ဘာလှည့်ခရီးသည်များကို သတင်းအချက်အလက်များ ပြန်ကြားပေးခြင်း၊ နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ပေးခြင်း အစားအစာ တည်ခင်းဧည့်ခံကျွေးမွေးခြင်း စသော ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသည်အများစုမှာ အများအားဖြင့် (၁) Foreign Independent Traveller (FIT) - မည်သည့် ခရီးသွားကုမ္ပဏီနှင့်မျှ ဆက်စပ်မှုမရှိဘဲ မိမိကိုယ်ပိုင်အစီအစဉ်ဖြင့် လွတ်လွတ်လပ်လပ်သွားလာသော ခရီးသည်၊ (၂) Package Tour Group - ခရီးသွား ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်ပြီး ခရီးစဉ်အမျိုးမျိုး ဝယ်ယူခဲ့သည့် အဖွဲ့လိုက်ခရီးသည်များ၊ (၃) Business Traveller - စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် စီးပွားရေးဗီဇာဖြင့် လာရောက်သော ခရီးသည်များ ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းတိုးတက်ခြင်း၏
အကျိုးကျေးဇူးများနှင့် ဂရုပြုရန်အချက်များ
ခရီးသွားလုပ်ငန်း တိုးတက်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြု သည့် ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ဖြစ်ခြင်း၊ အချိန်တိုအတွင်း အရင်း အနှီးနည်းနည်းဖြင့် နိုင်ငံခြားသုံးငွေရရှိနိုင်ခြင်း၊ မီးခိုးမထွက်သည့်စက်ရုံ (Smokeless Industry)ဟု တင်စားခေါ်တွင်ခံရခြင်း၊ လူအများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုများပြားစေခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့လည်း နိုင်ငံခြား သုံးငွေ တိုက်ရိုက်စီးဝင်ရရှိစေနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ပါသည်။
သို့ရာတွင် တစ်ဖက်တွင်လည်း ခရီးသွားလုပ်ငန်းကြောင့် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်ပါသည်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာနိုင်ခြင်း၊ ပြည်ပယဉ်ကျေးမှုများ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာပြီး မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်လာနိုင်ခြင်း၊ ခရီးသည်အယောင်ဆောင် ဝင်ရောက်လာပြီး နိုင်ငံအတွင်း အဖျက်အမှောင့် လုပ်ရပ်များလုပ်ကိုင်လာနိုင်ခြင်း၊ ကူးစက်ရောဂါ အသစ်အဆန်းများပါရှိလာနိုင်ခြင်း စသည့်အချက်များကိုလည်း အလေးထား ဂရုပြုရမည်ဖြစ်ပါ သည်။
ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အခြေခံအကြောင်းတရားများ
ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကြောင်းတရားများအနေဖြင့် ခရီးစဉ်ဒေသတစ်ခုအဖြစ် လူအများသိရှိ စေခြင်း၊ ယင်းဒေသသို့ သွားရောက်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကောင်းမွန်ခြင်း၊ ဝင်/ထွက် သွားလာခွင့်စနစ်များ လွယ်ကူခြင်းတို့ဖြစ်ပါသည်။ ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စနစ်တကျ စီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းမှုများ လိုအပ်သည်ဖြစ်ရာ အဓိကထား အထူးဂရုပြု ဆောင်ရွက်သင့်သော အချက်များ ဖြစ်သည့် အခြားဒေသများ၏ အဆိုးအကောင်းများမှ သင်ခန်းစာရယူဖော်ထုတ်ပြသ ခြင်း၊ လုပ်သားဝန်ထမ်းအပြင် နယ်မြေလူထုအား လေ့ကျင့်ပညာပေးခြင်း၊ ဥပဒေပြဋ္ဌာန်းခြင်း၊ စည်းမျဉ်းစည်းကမ်းများအား တိကျစွာအရေးယူ ဆောင်ရွက်ခြင်း၊ စည်းကမ်းဖောက်ဖျက်သူများကို တိကျစွာ အရေးယူဆောင်ရွက်ခြင်း၊ ရေရှည် တည်တံ့မည့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ထွက်ပေါ်လာမည့်ရလဒ်များအပေါ် ပြန်လည်သုံးသပ်ခြင်း သုတေသနပြုခြင်း၊ ဆက်လက်ထိန်းသိမ်း စီမံဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံး ဝန်ဆောင်မှုလုပ်ငန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းများစွာ ဖန်တီးပေးနိုင်သည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါသည်။ စာရင်းဇယားများအရ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီအချိန်က ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ခရီးသည်စုစုပေါင်း သုည ဒသမ ၅ ဘီလီယံ လှည့်လည်သွားလာခဲ့ပြီး ခရီးသွား လုပ်ငန်းမှ ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံရရှိခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်း သည် ကမ္ဘာလုံးဆိုင်ရာ GDP တွင် ၁၀ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်း ၃၃၀ ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။
ခရီးသွားလာမှုမှတစ်ဆင့် မတူညီသည့်နိုင်ငံ များ၊ လူမျိုးများ၏သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အတွေးအခေါ်၊ ယုံကြည်မှု၊ ဓလေ့ထုံးစံများကိုသိရှိပြီး လေးစားလိုက်နာခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ ကမ္ဘာ့နိုင်ငံများ အချင်းချင်း ခရီးသွားလာမှုပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးသွားအတွေ့ အကြုံများမှတစ်ဆင့် ကမ္ဘာကြီးငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်ခြင်းတို့ကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ ယနေ့မျက်မှောက်ကမ္ဘာကြီးတွင် အရေးအကြီးဆုံးလိုအပ်သည့်အရာများမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးတို့ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်အားလုံး စုပေါင်း၍ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်နေကြပါသည်။
မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားပြီး မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများနှင့် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် ပေါင်းစည်းနေထိုင်ကြသော နိုင်ငံဖြစ်ပါသည်။ အရှေ့တောင်အာရှဒေသတွင် မဟာဗျူဟာမြောက်တည်ရှိပြီး မပျက်စီးသေးသည့် ကမ်းခြေ ခရီးစဉ်ဒေသများရှိခြင်း၊ မြင့်မားသည့်တောင်တန်းများရှိခြင်း၊ ကျွန်းစုများနှင့် မြေဩဇာကောင်းသည့်လွင်ပြင်များ ကြွယ်ဝသည့်နိုင်ငံဖြစ်ခြင်း၊ ထို့ပြင် ထူးခြားသည့် သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ပိုမိုလာရောက် လည်ပတ်ကြရန် ဆွဲဆောင်နိုင် သည့်ပုံရိပ်များ အများအပြားရှိပါသည်။
ခရီးသွားလုပ်ငန်းသည် နိုင်ငံအတွက်သာ မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံးအတွက် အရေးကြီးသော လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ တိုးတက်ပြောင်းလဲလာသည့် Globalization ခေတ်တွင် ကမ္ဘာ့နိုင်ငံများ၏ ဘယ်နေရာ၊ ဘယ်ဒေသ ကိုမဆို အလွယ်တကူသွားလာနိုင်ပြီး မြေပြင်မှသည် ဝေဟင်အထိ ခရီးများသွားနေကြပြီဖြစ်ပါသည်။ ထို့အပြင် ခရီးသွားခြင်းသည် စိန်နားကပ်ပန်ရခြင်းထက် ပိုပြီးတန်ဖိုးရှိသလို မိုင်ပေါင်းတစ်ထောင် ခရီးသွား ခြင်းက စာအုပ်ပေါင်း တစ်ထောင်ဖတ်ရှုသည်နှင့် တူညီသည်ဟု ဆိုရိုးစကားရှိခဲ့သလို စာများများဖတ်ခြင်းက အတွေးအခေါ်ကို ရင့်ကျက်ပြည့်ဝစေ သလို ခရီးများများသွားခြင်းသည်လည်း အတွေးသစ်၊ အမြင်သစ်၊ စိတ်ကူးသစ် များကို ရရှိစေကြောင်း မှတ်သားရပါသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အဓိကအရေးအကြီးဆုံးကဏ္ဍသည် မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည် ဝင်ရောက်မှု လျင်မြန်စွာတိုးတက်စေရန်ဖြစ်ပါသည်။ ဧည့်သည်ဝင်ရောက်မှု တိုးတက်လာသည်နှင့်အမျှ အချိန်တို အတွင်း အရင်းအနှီးအနည်းဆုံးဖြင့် နိုင်ငံခြားငွေရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုကာ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ခြင်း၊ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုများပြားစေခြင်း၊ လူတန်းစားအလွှာအသီးသီးသို့ နိုင်ငံခြားသုံးငွေတိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ရရှိစေနိုင်ခြင်း အသိအမြင်ဗဟုသုတများဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။
ခရီးသွားခြင်းကြောင့် လူတို့၏ အမြင်၊ အတွေး၊ လူ့ပတ်ဝန်းကျင်များ ပြောင်းလဲတိုးတက်ခဲ့သည် သာမက အကြံအစည်အသစ်၊ ဖန်တီးမှုအသစ်များနှင့် ကိုလံဘတ်၊ ဘာစကိုဒဂါးမားတို့လို ခရီးသွားများကြောင့် နယ်မြေသစ် များပေါ်ပေါက်လာပြီး ကမ္ဘာ့မြေပုံပါ ပြောင်းလဲခဲ့ကာ မြေပုံသစ်များပေါ်ပေါက်လာခဲ့ပါသည်။ ကမ္ဘာကြီးသည် ခရီးသွားခြင်းကြောင့်သာ ပြောင်းလဲတိုးတက်ခဲ့ရသည်။ ခရီးသွားလုပ်ငန်းများသည် ယခင်ကသာမန်မျှသာဖြစ်သော် လည်း စက်မှုတော်လှန်ရေးနောက်ပိုင်းမှစ၍ တစ်စ တစ်စ ဖွံ့ဖြိုးတိုးတက်ကာ ကိုဗစ်ကာလမတိုင်မီအထိ နိုင်ငံ့စီးပွား ရေးများ၏ အဓိကဒေါက်တိုင်များ ဖြစ်ခဲ့ပါသည်။
အာဆီယံဒေသတွင်းနိုင်ငံများက ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းများမှ ဝင်ငွေ ဂျီဒီပီ ၁၅ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းခဲ့ပါသည်။ အာဆီယံသည် ခရီးသွားလုပ်ငန်းကြောင့် ဂျီဒီပီ ၁၁ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ပြီး အလုပ်လက်မဲ့ လူဦးရေ သန်း ၃၀ ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖန်တီးပေး နိုင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်အတွင်း အာဆီယံဒေသ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ၃၀ ဒသမ ၁ ဘီလီယံအထိ ရရှိခဲ့ပြီး ထိုဝင်ငွေ၏အများစုကို ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့က ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကောင်းမွန် သော ဝင်/ထွက်သွားလာရန် လွယ်ကူမည့်ခရီးစဉ်အသစ်များကို အပြိုင်အဆိုင်စနစ်ဖြင့် ဖော်ထုတ်ကြရမည် ဖြစ်ပါသည်။ ခရီးစဉ်သစ်များဖော်ဆောင်ရာတွင် ကျန်းမာရေးနှင့် စိတ်အပန်းဖြေရာနေရာများသည်လည်း ပိုမို၍ အရေးပါလာပါသည်။
အရှေ့တောင်အာရှနိုင်ငံများ၏ ခရီးသွား လုပ်ငန်းတိုးတက်မှုမှတ်တမ်းများအရ ဂျပန်တို့၏ ဖူဂျီယားမားမီးတောင်၊ အဏုမြူဗုံးဒဏ်ခံ ဟီရိုရှီးမား နှင့် နဂါဆာကီရှိ ငြိမ်းချမ်းရေးပန်းခြံတို့သည်လည်းကောင်း၊ အီဂျစ်တို့၏ မံမီနှင့် ပိရမစ်တို့သည် လည်းကောင်း၊ ပြင်သစ်တို့၏ အီဖယ်မျှော်စင်သည် လည်းကောင်း၊ အိန္ဒိယ၏ ဗုဒ္ဓဂယာနှင့် တာ့ဂျ်မဟာတို့သည်လည်းကောင်း ခရီးသွားတို့ကို ဆွဲဆောင်လျက်ရှိပါသည်။ အချို့နိုင်ငံများက သယံဇာတမရှိ သော်လည်း လူ့စွမ်းအားအရင်းအမြစ်နှင့် ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးအောင်လုပ်၍ ကြီးပွားချမ်းသာခဲ့သည်။
သဲကန္တာရအတိဖြစ်ခဲ့သော ဒူဘိုင်း (ယူအေ အီး) နိုင်ငံသည် ကျွမ်းကျင်ပညာရှင်များကြောင့် ကျောက်လွှာများကြားမှ ရေကြည်ရေသန့်များ အလျှံအပယ်ရခဲ့ပြီး ခေတ်သိပ္ပံပညာရပ်နှင့် သဘာဝ ပတ်ဝန်းကျင် အလှတရားသို့ ပေါင်းစပ်ကာ ခရီးသွား များကို ဆွဲဆောင်နိုင်ခဲ့သဖြင့် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ရရှိခဲ့သည်ဟု လေ့လာမှတ်သားခဲ့ရ ပါသည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း ယူနက်စကို အသိအမှတ်ပြု သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီး တို့က ခေတ်အဆက်ဆက် ခရီးသည်တို့ကို ဆွဲဆောင်လျက်ရှိပါသည်။ ခရီးသည်များ ပိုမိုလာရောက်စေရန် ဆွဲဆောင်မှုအသစ်၊ ခံစားမှုအသစ်များ ဖန်တီးပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ရေမြေသဘာဝသည် အခြားနိုင်ငံများထက်ပို၍ ထူးခြားပါသည်။ မြန်မာနိုင်ငံသည် လူဦးရေအများဆုံးနိုင်ငံကြီး နှစ်နိုင်ငံအကြားတွင် ရှိ၍ အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် ရေခဲတောင် ရှိသော တစ်ခုတည်းသောနိုင်ငံဖြစ်ပါသည်။ ထိုနိုင်ငံ များတွင်မရှိသောရေခဲတောင်ကို ခရီးသွားလုပ်ငန်း တွင်ကျယ်ရေးအတွက် မည်သို့အသုံးချသင့်သည်ကို ပညာရှင်များအစုအဖွဲ့ဖြင့် အဖွဲ့ဖွဲ့ကာ နည်းလမ်းကောင်းများ ဝိုင်းဝန်းရှာဖွေကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်အဆင့် ခရီးသွားလုပ်ငန်းများ အောင်မြင်အောင် နိုင်ငံတော်ကလည်း ဘက်ပေါင်းစုံ မှ အထောက်အကူပြုနေပါသည်။
ကမ္ဘာ့ကုလသမဂ္ဂခရီးသွားလုပ်ငန်း (UN Tourism)၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားဧည့်သည်ဝင်ရောက်မှု အနေဖြင့် ၁ ဒသမ ၃ ဘီလီယံ ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ ရရှိခဲ့သည့်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကိုဗစ်မတိုင်မီ အခြေအနေထက် ကျော်လွန်သွားမည့် အနေအထားကို တွေ့မြင်နေရပြီဖြစ်ပါသည်၊၊ ထိုသို့ရလဒ် ကောင်းများကို ထွက်ပေါ်စေသော အဓိက အကြောင်းအချက်များမှာ ပြင်းပြသည့်ခရီးသွားလိုအား (Travel Demand) ဆက်လက်တိုးတက် ဖြစ်ပေါ်နေမှုနှင့် ဗီဇာအစရှိသည့် ဝင်/ထွက်သွားလာမှု လွယ်ကူချောမွေ့စေရန် ဖြေလျှော့ပေးမှုများကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် ရောက်ရှိမှုအရ ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွား ဧည့်သည် ၁ ဒသမ ၂၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်က ဝင်ရောက်ခဲ့သည့် သုည ဒသမ ၂၃ သန်းနှင့် နှိုင်းယှဉ်ပါက လေးဆခွဲတိုး တက်လာပါသည်။ ၂၀၂၄ ခုနှစ်တွင် ၁ ဒသမ ၀၆ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ဇူလိုင်လအထိ ပြည်ပ ဧည့်သည် စုစုပေါင်း သုည ဒသမ ၅၇၇ သန်း ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ကထက် ခရီးသည် ဝင်ရောက်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်မှန်းထား ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုသည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားဧည့်သည်များ နှစ်အလိုက် ပိုမိုတိုးတက်လာစေရေး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် လအလိုက် ရာသီပွဲတော် အလှအပများဖြင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အပြိုင်အဆိုင် ကြော်ငြာပြသဆွဲဆောင်ခြင်း၊ ပြပွဲ၊ ပြိုင်ပွဲ များ၊ အခမ်းအနားများ Workshop/ Seminar များ ကျင်းပပြုလုပ်ခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်း ကျောင်းဖွင့်လှစ်၍ ခရီးသွားဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံများနှင့် ဒေသတွင်းအဖွဲ့အစည်းများ (PATA, GMS, BIMSTEC, CLMV) နိုင်ငံတကာအဖွဲ့အစည်းများ၊ (UNWTO) တို့နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပသည့် အာဆီယံ၊ မဟာမဲခေါင်ဒေသခွဲဆိုင်ရာ အစည်းအဝေးများ စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာခရီးသွားပြပွဲများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်းများအပြင် ရှေ့ဆက်အကောင် အထည်ဖော်မည့်လုပ်ငန်းများကို ကဏ္ဍစုံ၊ ရှုထောင့်စုံ၊ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပြီး အတွေးသစ်၊ အမြင်သစ်၊ လုပ်ငန်းစဉ်အသစ်၊ ဆောင်ရွက်မည့် အစီအစဉ်သစ်များရေးဆွဲကာ အချိန်နှင့်တစ်ပြေးညီ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး ယနေ့မှစ၍ အတူကြိုးစားကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။ ။


