တောင်ကြီး အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့ အဝေရာကုန်း သာယာမီးပုံးပျံကွင်း၌ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ညမီးကြီး မီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ညစဉ် ၅ နာရီမှ စတင်လွှတ်တင်သွားမည်ဖြစ်ပြီး နေ့လွှတ်အရုပ် မီးပုံးပျံများအား အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ နေ့စဉ် မွန်းလွဲ ၁ နာရီမှ စတင်လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရှိရပြီး တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ကထိန်လှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ကထိန်ဆက်ကပ်လှူဒါန်းပွဲ၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲများ၊ ဒေသထွက်ကုန် MSME (အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း) ပြခန်းများနှင့် နိုင်ငံကျော် အနုပညာရှင်များ ဖျော်ဖြေတင်ဆက်မှုများဖြင့် ရှမ်းပြည်နယ်၏ အထင်ကရ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ တောင်ကြီး တန်ဆောင်တိုင်ချစ်သူများ၊ မီးပုံးပျံချစ်သူများ လာရောက်လည်ပတ်ကြည့်ရှုအားပေးနိုင်ကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ ဖိတ်ခေါ်ထားကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


