ညောင်ဦး အောက်တိုဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး ပုဂံမြို့ရှိ မြင်းမြီးဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်း တိမ်ကောပပျောက်မှု မရှိစေရန်အတွက် ပုဂံမြို့ ယွန်းလုပ်ငန်းရှင်များက ထိန်းသိမ်းထားပြီးလုပ်ကိုင်လျက်ရှိကြောင်း ဦးဘငြိမ်းယွန်းထည်လုပ်ငန်း၏ စတုတ္ထမျိုးဆက် ဦးအောင်ကျော်ထွန်းထံမှ သိရသည်။

 

ယွန်းထည်လုပ်ငန်းသည် ညောင်ဦးမြို့နှင့်ပုဂံမြို့တို့တွင် ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ အစဉ်အဆက် လုပ်ကိုင်လာခဲ့ကြောင်း၊ ဝါးနှီးဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းက စိုးရိမ်စရာ မရှိသော်လည်း၊ ဝါနှီးဖြာကြား မြင်းမြီးဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းမှာ သုံး၊ လေးဦးသာကျန်ရှိတော့ကြောင်း၊ မြင်းမြီးဈေးနှုန်းကြီးမြင့်လာခြင်း၊ ယွန်းထည်ရောင်းချမှု မတွင်ကျယ်ခြင်းနှင့် ယွန်းထည်ရက်လုပ်ရာတွင် လက်ဝင်ခြင်းများကြောင့် မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်းများ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေဖြစ်လာကြောင်း ပြောသည်။

 

ယခင်က ညောင်ဦးမြို့၊ ပုဂံမြို့၊ မင်းနန်သူကျေးရွာ၊ အရှေ့ဖွားစောကျေးရွာ၊ အနောက်ဖွားစောကျေးရွာ နှင့်မြင်းကပါကျေးရွာတို့တွင် မြင်းမြီးဖြင့် ပြုလုပ်သည့် ယွန်းထည်လုပ်ငန်းများ တွင်တွင် ကျယ်ကျယ် ရှိခဲ့ရာမှ ယခုအခါ မြင်းမြီးဖြင့်ရက်လုပ်သည့် ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူ သုံး၊ လေးဦးသာ ကျန်တော့ကြောင်း သိရသည်။ ယွန်းထည်ပြုလုပ်ရာတွင် တင်းဝါးယွန်းထည်၊ သစ်သားယွန်းထည်၊ မြင်းမြီးယွန်းထည်ဟု သုံးမျိုးရှိကြောင်း မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်သည် လုပ်ရကိုင်ရ လက်ဝင်ကြောင်း၊ ပါးလွှာသည့် ဝါးနှီးဖြာလေးများကြားတွင် မြင်းမြီးတစ်ချောင်းစီထည့်ကာ အသေးစိတ်ရက်လုပ်ရကြောင်း၊ လေးလက်မခွက် တစ်လုံးရက်လုပ်လျှင်ပင် အချိန်တစ်နာရီ ခွဲခန့်ကြာမြင့်ကြောင်း၊ အဝိုင်းပုံ၊ အလုံးပုံ ယွန်းထည်များကို မြင်းမြီးဖြင့်ရက်လုပ်ပြီး ထောင့်ချိုး၊ ထောင့်ကွေးယွန်းထည် များတွင် မြင်းမြီးကို မသုံးကြောင်း၊ မြင်းမြီးဖြင့်ရက်လုပ်သည့် ယွန်းထည် ပစ္စည်းများသည် ပျော့ပျောင်းကာ အရည်အသွေးအလွန်ကောင်းမွန်ကြောင်း သိရသည်။

 

လက်ရှိတွင် မြင်းမြီးတစ်ပိဿာ ငွေကျပ် ၇၀၀၀၀ ပေးဝယ်ရပြီး ရက်လုပ်ရာတွင် ခက်ခဲသောကြောင့် မြင်းမြီးဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်း ပျောက်ကွယ်မသွားရန် ယွန်းလုပ်ငန်းရှင်များ ထိန်းသိမ်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း