နေပြည်တော် အောက်တိုဘာ ၂၀

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Energy Administration ၏ အကြီးအကဲဖြစ်သူ Mr. Zhang Jianhua ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန်နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၁၈ ရက် ညနေပိုင်းတွင် ယူလင်းပြည်နယ်ရှိ သက်တမ်းရင့်ရေနံမြေများသို့ သွားရောက်လေ့လာကြည့်ရှုကြသည်။

 

ရှင်းလင်းပြသ

ထိုသို့ ကြည့်ရှုလေ့လာစဉ် နိုင်ငံပိုင် Yan Chang ကုမ္ပဏီ၏ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့က ရေနံအထွက်တိုးစေရန်အတွက် အဆင့်မြင့်နည်းပညာများ အသုံးပြု၍ ဆောင်ရွက်နေမှု၊ ရေနံသိုက်များ ထိန်းသိမ်းဆောင်ရွက်နေမှု၊ ရေနံတွင်းများအတွင်း ထည့်သွင်းရသည့်ရေကို ပြန်လည်သန့်စင်ခြင်း ဆောင်ရွက်နေမှု၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ရပ်လုံးအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက် နေမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေမှုတို့ကို လိုက်လံရှင်းလင်းပြသသည်။

 

အောက်တိုဘာ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား North Petroleum & Chemical Corporation ၏ အစည်းအဝေးခန်းမ၌ ဥက္ကဋ္ဌဦးဆောင်သောအဖွဲ့က သက်တမ်းရင့်ရေနံမြေများ အလိုက် ရေနံအထွက်တိုးစေရေး ဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံရှိ သက်တမ်းရင့်ရေနံမြေများတွင် ဘူမိသက်တမ်း၊ ဘူမိမြေလွှာများအပေါ်မူတည်၍ ရေနံမြေအလိုက် ဆက်လက်ဆောင်ရွက်သင့်သည့် နည်းပညာများနှင့် နည်းစဉ်များ၊ ဒစ်ဂျစ်တယ်နည်းပညာသုံး၍ ရေနံမြေများအလိုက် စီမံခန့်ခွဲရန် လိုအပ်မှု၊ အဆင့်မြင့်နည်းပညာများ အသုံးပြုဆောင်ရွက်ခဲ့မှုကြောင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။

 

ထိုသို့ ရှင်းလင်းမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုလေ့လာခဲ့သည့် ရေနံမြေသည် မိမိတို့ နိုင်ငံရှိ ကုန်းတွင်းရေနံမြေများနှင့် နှိုင်းယှဉ်ပါက သက်တမ်းအားဖြင့် ကွာခြားမှုမရှိပါကြောင်း၊ ထုတ်ယူနိုင်သည့် လက်ကျန်ရေနံနှင့် သဘာဝဓာတ်ငွေ့ပမာဏသည် မိမိတို့၏ အချို့သော ရေနံမြေထက် များစွာနည်းပါးသော်လည်း အဆင့်မြင့်နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်နိုင်မှုကြောင့် အထွက်နှုန်းတွင် သိသိသာသာတိုးမြင့်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ခိုအောင်းနိုင်သည့်  ရေနံနှင့် သဘာဝဓာတ်ငွေ့ပမာဏ၏ ၉၀ ရာခိုင်နှုန်းအထိ ထုတ်ယူနိုင်သည်ကို အားကျဖွယ်တွေ့ရှိရပါကြောင်း။

 

မိမိတို့နှင့်ရင်းနှီးသည့် မိတ်ဖက်ဆက်ဆံရေးရှိသည့်အပေါ် အခြေခံ၍ နည်းပညာအရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ်များတွင် အားကောင်းမှုရှိသည့်ကုမ္ပဏီများအား မိမိတို့၏ သက်တမ်းရင့် ကုန်းတွင်းရေနံမြေများတွင် လာရောက်ရင်းနှီးမြှုပ်နှံ၍ အထွက်တိုးစီမံကိန်းများ ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း၊ ကုမ္ပဏီမှ ဘူမိဗေဒနှင့် အင်ဂျင်နီယာ ပညာရှင်များ၏ အကူအညီဖြင့် မိမိတို့၏ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက ရေနံမြေများအလိုက် တွေ့ကြုံနေရသည့် မိမိတို့၏ အခက်အခဲများကို ကျော်လွှားနိုင်ပြီး စနစ်တကျ တူးဖော်ထုတ်လုပ်နိုင်သည့် ရေနံမြေများ ပေါ်ပေါက်လာမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့၏ ဝန်ထမ်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရေနံတက္ကသိုလ်များ၊ လုပ်ငန်းခွင်များသို့ စေလွှတ်၍ စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ နောင်တွင် အဆင့်မြင့်နည်းပညာများ စနစ်တကျ လွှဲပြောင်းရယူပြီး ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြန်လည်ဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးကြသည်။

 

ယင်းနောက် 3D Seismic တိုင်းတာခြင်းလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော စက်ပစ္စည်းကိရိယာ များ ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့လာရာ စက်ရုံတာဝန်ရှိသူများက အစိတ်အပိုင်း တစ်ခုစီအလိုက် ထုတ်လုပ်နေမှု၊ ထုတ်လုပ်ပြီးအစိတ်အပိုင်းအလိုက် တပ်ဆင်နေမှု၊ အပြီးသတ် ထုတ်ကုန်များအား စမ်းသပ်စစ်ဆေးနေမှုတို့ကို ရှင်းလင်းပြသပြီး အဆင့်မြင့် Wireless 3D Seismic စက်ပစ္စည်းများကို အသုံးပြု၍ လက်တွေ့စမ်းသပ်သရုပ်ပြသသည်။

 

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Wireline 2D Seismic ကိုသာ ဆောင်ရွက်နိုင်သေးသဖြင့် Wireless 3D Seismic စက်ပစ္စည်းကိရိယာများကို အသုံးပြုလာနိုင်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်အသစ်များ ရှာဖွေဖော်ထုတ်အတည်ပြုနိုင်ခြင်း၊ ခိုအောင်းမှုပမာဏကို နီးစပ်စွာ ခန့်မှန်းနိုင်ခြင်း၊ Wireline 2D Seismic တိုင်းတာထားပြီး နေရာများတွင်လည်း ထပ်မံတိုင်းတာ မှုများပြုလုပ်ခြင်းဖြင့် တူးဖော်ရေးအတွက် တိကျပြည့်စုံသည့် ဘူမိဗေဒဆိုင်ရာအချက်အလက်များ ထုတ်ဖော်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပြည်တွင်း၌ တိုးတက်ထုတ်ယူနိုင်ရေး ကြိုးပမ်းနေမှုများတွင် များစွာအထောက်အကူရရှိလာမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်