ရန်ကုန် အောက်တိုဘာ ၂၀
ရန်ကုန်တက္ကသိုလ် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာစင်တာ၌ (Center for Research and Innovation) Innovative Biophysics Lab တွင် Green Hydrogen Fuel Cell နည်းပညာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သည့် စွမ်းအင်စနစ် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ကထိက ဒေါက်တာစောလင်းဦးက ပင်လယ်ရေမှ စိုက်ပျိုး၊ မွေးမြူရေးသုံး ရေချို၊ ရေသန့် တစ်နာရီ ၁၀၀ လီတာ ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် အဆင့်မြင့် ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဇုန်အဆင့်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် သထုံလမ်းရှိ တက္ကသိုလ်ဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ ဆရာမများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ၂၀၀၉ ခုနှစ်မှစတင်၍ နှစ်စဉ်ပညာသင်နှစ်အလိုက် စဉ်ဆက်မပြတ်ကျင်းပခဲ့ရာ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီးများတွင်ရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ပါဝင်ယှဉ်ပြိုင်လာကြသည်အထိ အောင်မြင်မှုရရှိလာသည်ကို တွေ့မြင်ရပါကြောင်း။
တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အားကစားအဆင့်အတန်း မြှင့်တင်ရန်၊ တက္ကသိုလ်အားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံကိုယ်စားပြု အားကစားသမားများအဖြစ် လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန်၊ အားကစားစိတ်ဓာတ်ကိုအရင်းခံ၍ အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ ဇွဲရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိမှု၊ စည်းကမ်း၊ ဥပဒေနှင့် နည်းဥပဒေများကို လေးစားလိုက်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံ့သားကောင်းဖြစ်မှု စသည့် အရည်အသွေးကောင်းများရှိစေရန်၊ အာဆီယံနှင့် ဒေသတွင်းပြိုင်ပွဲများတွင် အောင်ပွဲရရှိပြီး နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်း ပြောကြားပြီး လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီထံ တက္ကသိုလ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲအတွက် ဂုဏ်ပြုငွေ ပေးအပ်သည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဇုန်အဆင့်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသည် အောက်မြန်မာပြည် ဇုန်လေးဇုန်နှင့် အထက်မြန်မာပြည် ဇုန်လေးဇုန်အဖြစ် ဇုန်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ တက္ကသိုလ် ကျောင်းသား ကျောင်းသူ အားကစားသမား၊ အုပ်ချုပ်သူ၊ နည်းပြ စုစုပေါင်း ၂၇၂ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


