အောက်တိုဘာ ၂၁
ပါကစ္စတန်နိုင်ငံတွင် အသက်ငါးနှစ်အောက် ကလေးပေါင်း ၄၃ ဒသမ ၉ သန်းကို ကာကွယ်ဆေးထိုးနှံခဲ့ရာ ၂၀၂၅ ခုနှစ်အတွင်း စတုတ္ထမြောက် ပိုလီယိုရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှု အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း အမျိုးသားအရေးပေါ်ဆောင်ရွက်မှုစင်တာ (NEOC) က ယမန်နေ့က ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့ကြောင်း အင်န်အီးအိုစီ (NEOC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်အရ အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်တွင် ကလေး ၂၃ ဒသမ ၁ သန်းကျော်၊ တောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ၁၀ ဒသမ ၅ သန်း၊ အနောက်မြောက်ပိုင်း ခိုင်ဘာပတ်ခ်ထွန်ဟွာပြည်နယ် တွင် ၆ ဒသမ ၁၈ သန်းနှင့် အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် တွင် ၂ ဒသမ ၆ သန်းတို့ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖက်ဒရယ်မြို့တော် အစ္စလာမာဘတ်တွင် ကလေးငယ် ၄၇၉၀၀၀ ကျော်၊ မြောက်ပိုင်း ဂီလ်ဂစ်-ဘာလ်တစ်တန်ဒေသတွင် ကလေးငယ် ၂၉၄၀၀၀ ဝန်းကျင်နှင့် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် ၇၃၃၀၀၀ကျော် ကာကွယ်ဆေးထိုးနှံခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


