ကော့သောင်း အောက်တိုဘာ ၂၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  သမဝါယမဦးစီးဌာန ကော့သောင်းမြို့နယ် သမာဓိငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ကော့သောင်းမြို့နယ် သမာဓိငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ သဘာပတိ မြို့နယ်သမဝါယမဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးသိန်းအောင်က  အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက်  မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကော့သောင်းမြို့နယ်  သမာဓိငွေစု ငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြား၍ သဘာပတိက အတည်ပြုခဲ့သည်။ ယင်းနောက် အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့ အစားထိုး ရွေးချယ်ရန် အဆိုပြုခြင်းနှင့်  အတည်ပြုခြင်းများဆောင်ရွက်ပြီး  အမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်များ ကတိသစ္စာ ခံယူခဲ့ကြသည်။

 

ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အသင်းသားများ၏  သားသမီးများအား  ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။ သမာဓိငွေစု ငွေချေး သမဝါယမအသင်းတွင် တစ်နှစ်ပတ်လုံးအတွက် အမြတ်ငွေ ၆၄ သိန်းရရှိခဲ့ပြီး အစည်းအဝေး အပြီးတွင် အသင်းသား အသင်းသူများအား  စုဆောင်းငွေပေါ်အတိုး၊ အစုပေါ်အမြတ်နှင့်  လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရူပါမြင့်(ပြန်/ဆက်)