ပခုက္ကူ အောက်တိုဘာ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့ ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေး သင်တန်းများ ဖွင့်လှစ်ပြီး ရက်ကန်းပညာရှင်များ မွေးထုတ်ပေး လျက်ရှိသည်။
သင်တန်းကျောင်းများတွင် ကာလတို၊ ကာလရှည် သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းများအနေဖြင့် တစ်နှစ်လျှင် ဘာသာရပ်ကိုးခုဖြင့် သင်ကြားပေးသော ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူသင်တန်းနှင့် ဘာသာရပ်ခုနစ်ခုဖြင့် သင်ကြားပေးသော လက်ရက်ကန်း ခြောက်လသင်တန်း နှစ်ကြိမ် တို့ဖြစ်ပြီး တစ်ကြိမ်လျှင် သင်တန်းသား သင်တန်းသူ ၂၀ သာ လက်ခံသင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်စဉ် ကာလအတွင်း အဆောင်နေထိုင်ခွင့်နှင့်အတူ နိုင်ငံတော်ထောက်ပံ့မှုအဖြစ် တစ်လကို ငွေကျပ် ၇၅၀၀၀ ရရှိသည့်အပြင် သင်တန်းသုံးကိရိယာများ၊ ကုန်ကြမ်းပစ္စည်းများကိုလည်း အခမဲ့သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်ပြီးပါက လက်ရက်ကန်းစင် တစ်စုံစီထောက်ပံ့ပေးအပ်ခြင်း၊ ချည်မျှင်နှင့်အထည်စက်ရုံ၊ ပုဂ္ဂလိကပိုင်စက်ရုံတို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပခုက္ကူဒေသမှ ထွက်ရှိသည့် ရက်ကန်းချည်ထည်များကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများကလည်း မှာယူအသုံးပြု ကြသည်ကိုတွေ့ရှိရပြီး ဝါမှထွက်ရှိသည့် လျှော်များ၊ ကြာမှထွက်ရှိသည့် အမျှင်များ၊ နာနတ်ပင်မှ ထွက်ရှိသည့်လျှော်များဖြင့် ရက်ကန်းအထည်များကို အဓိက ထားထုတ်လုပ်လျက်ရှိကြောင်း၊ ရက်ကန်းပညာရပ်များ သင်ယူတတ်မြောက်ခြင်းဖြင့် မိမိနှင့်မိသားစု ဝင်များအပြင် မိမိပတ်ဝန်းကျင်ရှိ ပြည်သူများအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိစေပြီး မိသားစုအပိုဝင်ငွေ အမှန်တကယ်ရရှိစေသော အကျိုးပြုသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ဖြစ်ကြောင်း၊ သင်တန်းဆင်းပြီးသူများအနေဖြင့် မိမိသင်ယူတတ်မြောက်ထားသော ပညာရပ်များကို အကျိုးရှိရှိ လက်တွေ့အသုံးချ လုပ်ကိုင်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသော လူငယ်လူရွယ်များထံ လက်ဆင့်ကမ်းသင်ကြားပေးခြင်း၊ လမ်းညွှန်ပြသ မျှဝေပေးခြင်း စသည့် အလေ့အကျင့်ကောင်းများကိုလည်း မွေးမြူထားတတ်ကြရန်လို အပ်ပါကြောင်း ပခုက္ကူမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက ပြောသည်။
ပခုက္ကူမြို့ အညာဒေသသည် ယဉ်ကျေးမှုထွန်းကားရာ ဒေသတစ်ခုဖြစ်သည့်အားလျော်စွာ မြန်မာ့လက်မှုအနုပညာရပ်များ တန်ဖိုးထားထိန်းသိမ်း တတ်စေရေးနှင့် ရက်ကန်းပညာရပ်ဖြင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်း ထူထောင်လုပ်ကိုင်တတ်စေ ရေးရည်ရွယ်ချက်ဖြင့် ၁၉၅၁ခုနှစ်မှစတင်ကာ ကာလတို၊ ကာလရှည်သင်တန်းများဖွင့်လှစ်၍ လက်ရက်ကန်း ပညာ၊ စက်ရက်ကန်းပညာ၊ တိုင်းရင်းသားရိုးရာ အထည်များ ဂျပ်ခုတ်နည်းပညာ၊ လက်ဖြင့်ချည်မျှင် ဆွဲနည်းပညာ၊ စက်ဖြင့် ချည်မျှင်ဆွဲနည်းပညာ၊ ရွှေချည်ထိုးငွေချည်ထိုးပညာ၊ ချည်ထည်ပိုးထည် ဆိုင်ရာ သဘာဝဆေးဆိုးခြင်းနှင့် ဓာတုဆေးဆိုးခြင်း နည်းပညာရပ်များ၊ အထည် ပန်းပုံရိုက်နည်းပညာ၊ အထည်ဒီဇိုင်းဖန်တီးနည်းပညာ စသည့်ပညာရပ်များကို အကိုင်အတွယ်မှ စတင်ကာ ကိုယ်တိုင်ဒီဇိုင်း ရေးဆွဲချုပ်တတ်သည်အထိ စာတွေ့၊ လက်တွေ့သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


