နေပြည်တော် အောက်တိုဘာ ၂၀
ဒေသခံ လူငယ်များအတွက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းသုံးမျိုးဖြစ်သည့် ဧည့်ကြို (Front Office)၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး(House Keeping)၊ အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှု(Food & Beverages- service) အခြေခံသင်တန်းများနှင့် အာဆီယံ အသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေး ဆရာဖြစ်သင်တန်း (ASEAN National Trainer)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ အဂ္ဂါဗေ(AGAPE)ဟိုတယ်၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်စီးပွားရေးရာ ဝန်ကြီးက ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ကချင်ဇုန်)တို့ ပူးပေါင်း၍ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့မှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ မျိုးဆက်သစ် လူငယ်လက်ဝှေ့ အားကစားသမားများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပသည့် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို တက်ရောက်သည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အားကစားသည် လူငယ်များကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်ဓာတ်မြှင့်တင်နိုင်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲတွင် လူငယ်များအနေဖြင့် မိမိတို့၏ ခွန်အား၊ ကျွမ်းကျင်မှု၊ ဉာဏ်ရည်ဉာဏ်သွေး၊ စည်းကမ်း၊ သည်းခံမှုနှင့် ရဲရင့်သော စိတ်ဓာတ်တို့ကို အစွမ်းကုန်ပြသ ယှဉ်ပြိုင်ကြကာ ပြည်နယ်၏ လက်ဝှေ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား ကြိုးစား သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး လက်ဝှေ့ပြိုင်ပွဲအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် သိန်း ၃၀ နှင့် လက်ဝှေ့ဆပ်ကော်မတီ တာဝန်ရှိသူများ၊ ပါဝင်ကူညီပံ့ပိုးပေးကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် လူငယ်လက်ဝှေ့ သင်တန်းသား သင်တန်းသူများက လက်ဝှေ့လေ့ကျင့်ခန်းများဖြင့် သရုပ်ပြသမှုကို လည်းကောင်း၊ Grace အကအဖွဲ့က ကပြဖျော်ဖြေမှုကို လည်းကောင်း ကြည့်ရှုအားပေးပြီး လက်ဝှေ့ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဖြိုးဝေလင်း(မန်ခိန်)နှင့် မိုက်ကယ် ဇော်ခေါင်(ဒူကထောင်) တို့၏ ယှဉ်ပြိုင်ထိုးသတ်မှုကို လက်ဝှေ့ဝါသနာရှင်ပရိသတ်များနှင့်အတူ ကြည့်ရှုအားပေးကာ အနိုင်ရရှိသည့် လက်ဝှေ့အားကစားသမားအား ဂုဏ်ပြုဆုငွေများပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် နန်းကွေ့ကျေးရွာ နယ်မြေ(၅)အတွင်းရှိ Grace ကလေးသူငယ် ပြုစုပျိုးထောင်ရေး မိဘမဲ့ ကလေးဂေဟာသို့ သွားရောက်ပြီး ဂေဟာရှိ မိဘမဲ့ ကလေး ၃၂ ဦးအတွက် ဆန်အိတ် ၁၀ အိတ်၊ ဆီ ၁၀ ပိဿာနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ကာ ဂေဟာမှူး၏ လျှပ်စစ်မီး လိုအပ်ချက် တင်ပြမှုအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဂေဟာအတွင်းရှိ ကလေးများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


