ထားဝယ်    ၁၆   မတ် 


တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ ဇေယျာထက်စံဟိုတယ်၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ငါးလုပ်ငန်းဖြင့် အကျိုးစီးပွားရှာရာတွင် မျိုးစိတ်ပြုန်းတီးမှု မဖြစ်စေရေးအတွက် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြုံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားပြီး ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်ရွှေက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ထိုနောက် တက်ရောက်လာသူများက အုပ်စုဖွဲ့၍ ၂၀၁၈-၂၀၁၉ ခုနှစ် ငါးမဖမ်းရရာသီနှင့် ဧရိယာသတ်မှတ်နိုင်ရေး၊ ကမ်းနီးတရွတ်ဆွဲ ငါးဖမ်းရေယာဉ် ( Baby Trawl )များအား အရေးယူဆောင်ရွက်နိုင်ရေး၊ ကမ်းနီးငါးဖမ်းရေယာဉ် အရွယ်အစားသတ်မှတ်ရေး၊ ကမ်းနီး/ကမ်းဝေး ငါးဖမ်းဧရိယာများအား အရွယ်အစားနှင့် အရေအတွက် သတ်မှတ်နိုင်ရေး၊ တိုင်းဒေသကြီးတွင် ကမ်းနီး/ကမ်းဝေး ကင်းမွန်မီးထွန်းငါးဖမ်းလုပ်ငန်းအား သင့်လျော်မည့် ကာလတစ်ခုတွင် လိုင်စင်ထုတ်ပေးခြင်းရပ်ဆိုင်းရေး၊ တရွတ်ဆွဲငါးဖမ်းရေယာဉ်များတွင် ပင်လယ်လိပ်လွတ်မြောက်ရေး ကိရိယာ (Turtle Exculder Devices–TED ) များတပ်ဆင်ရေး၊  ကမ်းဝေးငါးဖမ်းရေယာဉ်များအား ရေနက်ပိုင်းတွင် ငါးဖမ်းဆီးခွင့်ပြုရေး၊ ရေကြောင်းဂရပ်ရှိ ငါးဖမ်းလိုင်စင်မဲ့ ရေယာဉ်များအကြောင်း၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ လိုင်စင်နှုန်းထား တိုးမြှင့်သတ်မှတ်နိုင်ရေး စသည့်အကြောင်းများကို အုပ်စုလိုက် ရှင်းလင်းဆွေးနွေးကြသည်။


ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်၊ ဒေသခံ ငါးလုပ်ငန်းရှင်များနှင့် ရေလုပ်သားများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


                                
(ထားဝယ်ခရိုင် ပြန်/ဆက်)

 

1