လွိုင်ကော် အောက်တိုဘာ ၂၀

 

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာပြည်သူများထံ သွားရောက်တွေ့ဆုံသည်။

 

ဦးစွာ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာ တောင်မော့ဘုန်းတော်ကြီးကျောင်း ဉာဏဗိမာန်ဓမ္မာရုံ၌ ကျေးရွာပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဝင်ရောက် နေထိုင်ကြသူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အမြန်ပြန်လည် လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ မိမိတို့ရပ်ရွာဒေသအား ယခင်ကဲ့သို့ စည်ပင်သာယာ ဖွံ့ဖြိုးလာအောင် ကျေးရွာနေပြည်သူများကလည်း ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒေသကွပ်ကဲရေးမှူးက နယ်မြေလုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ကျေးရွာပြည်သူများက ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်များ၊ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ဆောင်းသီးနှံနေကြာနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ကိစ္စရပ်များ၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဆောင်လိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အမိုးသွပ်နှင့် ထောက်ပံ့ငွေများကို လည်းကောင်း၊ ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် နေကြာမျိုးစေ့ထုပ်များကိုလည်းကောင်း ပေးအပ်ကြသည်။

 

ဆက်လက်၍ တောင်မော့ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများနှင့် ကျောင်းဆောင်များ ပြန်လည် ပြုပြင်ပေးနိုင်ရေး၊ အထက (ကုန်းသာ) ပြန်လည် ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် စာသင်ဆောင်များ ပြုပြင်ဆောင်ရွက်သွားရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် လင်ဖုံလေးကျေးရွာ လင်ဖုံလေး ပရိယတ္တိစာသင်တိုက်နှင့် မင်္ဂလာစွမ်သျှန်ကျောင်းတိုက် ဆရာတော်တို့ကို သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် လင်ဖုံလေး(အထက်နှင့်အောက်) ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က လင်ဖုံလေးကျေးရွာသည် ယခင်က လွိုင်ကော်မြို့သို့ ဟင်းသီးဟင်းရွက်များ အဓိက တင်ပို့ရောင်းချသည့်ကျေးရွာဖြစ်ကြောင်း၊ ယခုလည်း ဟင်းသီးဟင်းရွက်များကို ဒေသဖူလုံရုံ သာမက အခြားနေရာများသို့ တင်ပို့ရောင်းချနိုင်သည်အထိ တိုးချဲ့စိုက်ပျိုးသွားကြစေလိုကြောင်း ပြောကြားပြီး အလက(လင်ဖုံလေး)မှ ဆရာ ဆရာမများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ကျေးရွာအတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ဇိနမာန်အောင်စေတီတော်မြတ်နှင့် မိုးကောင်းဘုရားများ ပြန်လည်ပြုပြင် ဆောင်ရွက်ရမည့် အခြေအနေကိုလည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ အလက(လင်ဖုံလေး)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြုပြင်ဆောင်ရွက်ရမည့်အခြေအနေကိုလည်းကောင်း၊ မင်္ဂလာစွမ်သျှန် ဘုန်းတော်ကြီးကျောင်းအတွင်း ယာယီဖွင့်လှစ်ထားသည့် အလက(လင်ဖုံလေး)စာသင်ခန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)