ဆာနား အောက်တိုဘာ ၂၀
ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က မြို့တော်ဆာနားရှိ ကုလသမဂ္ဂအဆောက်အအုံဝင်းအတွင်း ကုလသမဂ္ဂဝန်ထမ်း ၂၀ ကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ယီမင်နိုင်ငံရှိ ကုလသမဂ္ဂရုံးမှ သတင်းအရင်းအမြစ်ကို ဆင်ဟွာသတင်းဌာနက အောက်တိုဘာ ၂၀ ရက်တွင် ကိုးကားဖော်ပြထားသည်။
အောက်တိုဘာ ၁၈ ရက်က ဟူသီထောက်လှမ်းရေးအဖွဲ့ ဝင်ရောက်စီးနင်းခဲ့သော ဟက်ဒါလမ်းပေါ်ရှိ ကုလသမဂ္ဂအဆောက်အအုံအတွင်း ဒေသခံဝန်ထမ်း ၁၁ ဦးကို အောက်တိုဘာ ၁၉ ရက် နှောင်းပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း နိုင်ငံခြားသား ၁၅ ဦးနှင့် ယီမင်လူမျိုး ငါးဦးပါ အခြားအဖွဲ့ဝင်များကို တတိယနေ့အဖြစ် အဆိုပါ အဆောက်အအုံဝင်းအတွင်း ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
ဟူသီထောက်လှမ်းရေးအရာရှိများသည် ဖမ်းဆီးထိန်းသိမ်းထားသော ဝန်ထမ်းများကို ဆက်လက်စစ်ဆေးမေးမြန်းရန် အဆောက်အအုံအတွင်း နေရာယူထားဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ထမ်းများအား တင်းကျပ်သော ကြီးကြပ်မှုအောက်တွင် ၎င်းတို့၏ မိသားစုဝင်များနှင့် အကန့်အသတ်ဖြင့် ဆက်သွယ်ခွင့်ပြုထားကြောင်း သိရသည်။ ကုလသမဂ္ဂက ဖမ်းဆီးထိန်းသိမ်းထားသော ရုံးဝန်ထမ်းများနှင့်ပတ်သက်ပြီး တရားဝင်ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ထား ခြင်း မရှိသေးပေ။
ဆင်ဟွာ


