နေပြည်တော် အောက်တိုဘာ ၂၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် သံလွင်တံတားသစ် (တာဆန်း) တည်ဆောက်နေမှုအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိကြရာ တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တံတားဟောင်း၏ ကြံ့ခိုင်မှု အခြေအနေ၊ တံတားသစ်စီမံကိန်း ဖြစ်ပေါ်လာပုံ၊ စီမံကိန်းအား ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် စီမံကိန်းအပြီးသတ် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက်တိုင်းမှူးက စီမံကိန်းအချိန်မီပြီးစီးစေရေး၊ သတ်မှတ် စံချိန်စံညွှန်းကိုက်ညီစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးတို့ကို မှာကြားသည်။

 

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တံတားသစ် တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် လက်ရှိအသုံးပြုလျက်ရှိသော တံတားဟောင်း၏ ကြံ့ခိုင်မှုအခြေအနေကို တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

အဆိုပါ တံတားဟောင်းမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်တို့ကို ဆက်သွယ်ထားသည့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်ရှိ အဓိက သံလွင်မြစ်ကူး ကြိုးတံတားတစ်စင်းဖြစ်ပြီး သက်တမ်းကာလကြာမြင့်ကာ တံတားခံနိုင်ရည် ကျဆင်းလာခြင်းကြောင့် ၎င်း၏အနီး၌ အရှည် ၈၇၆ ပေရှိ RC Concrete အမျိုးအစား တံတားသစ်အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်ဒီဇင်ဘာလအတွင်း ခန့်မှန်းပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်