ပုသိမ် အောက်တိုဘာ ၂၀

 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ ပိုင်းက ပုသိမ်တက္ကသိုလ်ဝင်းအတွင်း Recreation Center တည်ဆောက်နေမှုကို   ကြည့်ရှုစစ်ဆေးခဲ့ သည်။

 

ဦးစွာ တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းဆောင်တွင် အဆောက်အအုံဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆောက်အအုံ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရမည့်အပြင် အဆောက်အအုံ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကိုလည်း အလေးထား ဆောင်ရွက်ရန်၊ မြေယာရှုခင်းလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

 

တိုင်း‌ဒေသကြီးဝန်ကြီးချုပ်သည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံမြို့နယ် သပြေကန်သိမ်ကုန်းဧရိယာအတွင်း နွေစပါးစိုက်ပျိုး ရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖျာပုံမြို့နယ် အေးသာယာကျေးရွာအုပ်စုအတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် တူးဖော်ဆောင်ရွက်မည့် အေးသာယာ(၂)မြောင်းနေရာကို  ကြည့်ရှုစစ်ဆေး ခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆိုင်ရာအချက် အလက်များနှင့်  နွေသီးထပ်အမီ  စိုက်ပျိုးရေရရှိနိုင် မည့်အခြေအနေများကို     ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အေးသာယာကျေးရွာအုပ်စုအတွင်း   မိုးစပါးစိုက်ပျိုး အောင်မြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ၊ နွေသီးထပ်တိုးတက်စိုက်ပျိုးနိုင်မည့် အခြေအနေများ၊ ရေချိုပိုမိုရရှိလာနိုင်မည့် အခြေအနေများအပေါ် တိုးတက်စိုက်ပျိုးနိုင်စေရန် ဆွေးနွေးမှာကြားခဲ့သည်။ အေးသာယာ(၂) မြောင်းသည် အလျားပေ ၈၅၀၀ ရှိပြီး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်   ယခုနှစ်အတွင်း သီးထပ်ဧက ၁၅၀ တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်သည်။    သပြေကန်သိမ်ကုန်းဧရိယာအတွင်း  တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း ၂၈၀ ဖြင့် မြောင်းခြောက်မြောင်း တူးဖော်ဆောင်ရွက်လျက်ရှိပြီး  စုစုပေါင်းဧက  ၈၅၀ တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကြက်ဖမွေး ဇောင်းကျွန်းပတ်တာအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသော ကျုံကဒွန်း-အမာကားလမ်းဘေး ယာမြောင်းတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူက လုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တိုးတက်စိုက်ပျိုးလာနိုင်မည့် အခြေအနေများ၊      ကျုံကဒွန်း-အမာ  (ယာမြောင်း)  အလျားပေ  ၁၀၀၀၀ ကို  ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စက်ယန္တရား (DA-016)    Amphibious Excavator   ဖြင့်   ၇၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ  နွေသီးထပ် ဧက ၃၀၀ ကို    အချိန်မီ စိုက်ပျိုးရေပေးဝေနိုင်မှု အခြေအနေများကို  ရှင်းလင်းတင်ပြခဲ့ကြောင်း  သိရသည်။         

 

တိုင်းဒေသကြီး(ပြန်/ဆက်)