တိုကျို    အောက်တိုဘာ   ၂၁

ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် တာကာချီဆာနေးသည် အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် လွှတ်တော်နှစ်ရပ်လုံး၌ မဲအနိုင်ရရှိခဲ့ပြီးနောက်   ဂျပန်နိုင်ငံ၏   ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့ကြောင်း သိရသည်။

မဟာမိတ်ပါတီဖြစ်သည့် ဂျပန်တီထွင်ဆန်းသစ်မှုပါတီ၏ ကျောထောက်နောက်ခံဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ညွန့်ပေါင်းအစိုးရကို မကြာမီဖွဲ့စည်းမည်ဖြစ်သည်။ အစိုးရအဖွဲ့အတွင်း ၎င်း၏ ပြိုင်ဘက်များအား ဝန်ကြီးများအဖြစ် ခန့်အပ်မည်ဟု သိရသည်။ ယနေ့သည် ဂျပန်နိုင်ငံ၏ စီးပွားရေးခိုင်မာစေရေးနှင့် မျိုးဆက်သစ်များအတွက်   တာဝန်ယူနိုင်မည့် နိုင်ငံအဖြစ် ပြောင်းလဲ ရေးအတွက် အစပြုမည့်နေ့တစ်နေ့ဖြစ်ကာ ယင်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်မည်ဟု  ဝန်ကြီးချုပ်   တာကာချီဆာနေးက ပြောကြားသည်။

ဂျပန်တီထွင်ဆန်းသစ်မှု   ပါတီအနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးရေးအတွက်ပြုပြင်ပြောင်းလဲမှုများတွင်  ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း မဟာမိတ်ပါတီဖြစ်သည့် ဂျပန်တီထွင်ဆန်းသစ်မှု ပါတီခေါင်းဆောင် ယိုရှီမူရာ ဟီရိုဖူမီက ပြောကြားသည်။ မိမိတို့ပါတီနှစ်ရပ်စလုံးသည် နိုင်ငံဖွံ့ဖြိုး ရေးအတွက်ထားရှိသည့် ရည်မှန်းချက်များ တူညီကာ မျိုးဆက်သစ်များအား    ဖွံ့ဖြိုးသည့် နိုင်ငံတွင်  မွေးဖွားလာသူများအဖြစ် ဂုဏ်ယူရစေရေးဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အထက်လွှတ်တော်တွင် ယှဉ်ပြိုင်ခဲ့ရာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ တာကာချီဆာနေးက ဆန္ဒမဲ ၁၂၃ မဲရရှိပြီး  ပြိုင်ဘက်ဖြစ်သူ အခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ ယိုရှီဟီကိုနိုဒါက  ၄၄ မဲသာရရှိခဲ့သည်။

အောက်လွှတ်တော်တွင် ယှဉ်ပြိုင်ခဲ့ရာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ တကာချီဆာနေးက ဆန္ဒမဲ ၂၃၇ မဲရရှိကာ  ပြိုင်ဘက်ဖြစ်သူ အခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ  ယိုရှီဟီကိုနိုဒါက ၁၄၉ မဲရရှိခဲ့သည်။

ယခုဖွဲ့စည်းမည့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်း ရေးမှူးချုပ်ဟောင်းနှင့် တာကာချီဆာနေး၏ ပြိုင်ဘက်ဖြစ်သူ မိုတာဂီတိုရှီမစ်ဆုအား   နိုင်ငံခြားရေးဝန်ကြီး၊  အစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် မီနိုရူကီဟာရာ၊  ဒေသဆိုင်ရာ ပြန်လည်ရှင်သန်ရေးဝန်ကြီးဟောင်း  ကာတာရာ မာဆက်ဆုကီအား ဘဏ္ဍာရေးဝန်ကြီး၊ ယိုရှီမာဆာဟာရာရှီအား   ပြည်ထဲရေးဝန်ကြီးနှင့် တာကာချီဆာနေး၏ ပြိုင်ဘက် ကိုအိဇုမိရှင်ဂျီရိုအား ကာကွယ်ရေးဝန်ကြီး အဖြစ်   ခန့်အပ်မည်ဖြစ်ကြောင်း   သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ