ရန်ကုန်  ၁၆  မတ်

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး (၆) ထပ်ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်တို့က (၆) ထပ် ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

mdn

 

ထို့နောက် တာဝန်ရှိသူများက ဆေးကုသဆောင်သစ် ဆိုင်းဘုတ်အားစက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး (၆) ထပ်ဆေးကုသဆောင်သစ် ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးသည် လူနေထူထပ်ပြီး အချက်အခြာကျသော နေရာတွင်ရှိခြင်း၊ ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြု၊ ကုသမှုအထောက်အကူပြု ကျွမ်းကျင်မှုပညာရှင်များနှင့် ဝန်ထမ်းများအားလုံး၏ ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကိုဝိုင်းဝန်း ဆောင်ရွက်မှု ကောင်းမွန်ပီပြင်ခြင်းတို့ကြောင့် ပြည်သူများမှ အားကိုးအားထား ပြုကြသဖြင့် ဆေးရုံကြီးရှိ လူနာဆောင် အဆောက်အဦများ ထပ်မံတိုးချဲ့ရန် လိုအပ်ခဲ့ရာ ဝန်ကြီးဌာနမှ ဦးစားပေးသတ်မှတ်ကာ ယခု (၆)ထပ်ဆေးကုသ ောင်သစ်ကြီးကို ဘဏ္ဍာ ငွေကျပ်သန်းပေါင်း (၃၂၈၈) သန်းကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆေးကုသဆောင်သစ်ကြီး ဖွင့်လှစ်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် ပိုမို၍ကျယ်ဝန်းသန့်ရှင်းသပ်ရပ်သည့် အဆောင်သစ်ကြီးတွင် သက်တောင့်သက်သာဖြင့် ဆေးကုသမှုခံယူနိုင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများအနေဖြင့်လည်း ကျယ်ဝန်း၍ ပိုမိုစနစ်ကျသော ကုသဆောင်တွင် လုပ်ငန်းဆောင်ရွက်ရသဖြင့် ပိုမိုအဆင်ပြေချောမွေ့ခြင်း စသည်တို့အပြင် များစွာသော အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါကြောင်း၊

ကုသဆောင်သစ်ကြီး ဖွင့်လှစ်နိုင်ရန် စတင်စီမံကိန်းရေးဆွဲစဉ်မှ ယခုဖွင့်လှစ်သည်အထိ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကိုလည်း ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊ ဆေးကုသဆောင်သစ်ကြီး၏ မြေညီထပ်တွင် အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုသဆောင်၊ ပထမထပ်တွင် ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း ခွဲစိတ်ကုသဆောင်၊ ဒုတိယထပ်တွင် ဆီးနှင့်ကျောက်ကပ် ဆေးကုသဆောင်၊ တတိယထပ်တွင် ဆေးကုဆောင် (၁) နှင့် ဆီးချိုရောဂါ စစ်ဆေးကုသမှုစင်တာ (Diabetes Center)၊ စတုတ္တထပ်တွင် ဆေးကုသဆောင် (၂) နှင့် ပဉ္စမထပ်တွင် ရင်ခေါင်းဆေးကုသဆောင်တို့ဖြင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆေးကုသဆောင် သစ်ကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဘက်စုံပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ်တစ်ဦး ကို သီးခြားသတ်မှတ် တာဝန်ပေး၍ ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ ဆေးရုံကြီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တာဝန်ရှိသူများအားလုံးမှ မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘေားထား၍ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် (၆) ထပ်ဆေးကုသဆောင်သစ်ကို ဆောက်လုပ်ပေးခဲ့သည် National Steel and Construction Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ဆေးကုဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတန်းများကို ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးထံသို့ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၏ကိုယ်စား ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် အစာအိမ်နှင့် အူလမ်းကြောင်း ဆေးပညာရှင် မိသားစုကိုယ်စား ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာသန်းသန်းအေးမှ ဆေးရုံကြီး၌ လူနာများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုနိုင်ရန်အတွက် လျှပ်စစ်ကားငယ် (၂) စီးဝယ် ယူနိုင်ရန် အလှူငွေကျပ်သိန်း (၁၀ဝ) စီကို အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဆေးရုံအုပ်ကြီးဒေါက်တာ ဒေါ်သန်းလှက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ (၆) ထပ် ဆေးကုသဆောင်မှ လူနာဆောင်များနှင့် ဆီးနှင့်ကျောက်ကပ် ဆေးကုသဌာန ကျောက်ကပ်သွေး သန့်စင်ဌာနအား လှည့်လည်ကြည့်ရှုသည်။

 

mdn

 

ယနေ့ဖွင့်လှစ်သော (၆) ထပ်ဆေးကုသဆောင်သစ်ကြီးတွင် နောက်ဆုံးပေါ် ရောဂါရှာဖွေရေးနှင့် ကုသရေးပစ္စည်းကိရိယာများ ထည့်သွင်းထားရှိပြီး ဒုတိယထပ်ရှိ ဆီးနှင့် ကျောက်ကပ်ဆေးကုသဌာနတွင် ကျောက်ကပ်သွေးသန့်စင်ဌာနအား ကျွမ်းကျင်ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ပညာရှင်များ၊ ခေတ်မီစက်ကိရိယာများဖြင့် ဖွင့်လှစ်ထားရှိရာတွင်   နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားခြင်းနှင့် အလှူရှင်များ လှူဒါန်းထားသော ကျောက်ကပ်သွေးသန့်စင်စက် (၂၄) လုံးရှိပြီး ရုံးဖွင့်ရက်များတွင် တစ်နေ့လျှင်နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပုံမှန်ဆောင်ရွက်ပေးနိုင်ပြီး အရေးပေါ်လူနာများအတွက် ပိတ်ရက်မရှိ (၂၄) နာရီ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၎င်းဌာနအနေဖြင့် တစ်ပတ်လျှင် လူနာ (၁၀ဝ) ကျော်အား ကျောက်ကပ်သွေး သန့်စင်ခြင်း ဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဧည့်ခန်းမတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (မြန်မာ) မှ ဌာနေညွှန်ကြားရေးမှူး Mr. Godfred Paul၊ Program Manager  Professor Anil Kumar India Krishna တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)