နေပြည်တော် ၁၆ မတ်
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းတွင် အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ) သို့ ရောက်ရှိပြီး မော်တော်ယာဉ်အသစ်များအား မြန်မာနိုင်ငံအတွက် သီးသန့်ပုံစံ Ambulance ယာဉ်များအဖြစ် အဆင့်မြှင့်တင်မွမ်းမံ ဆောင်ရွက်နေသည့် အခြေအနေများ၊ ပူးပေါင်းအဖွဲ့မှ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း ဈေးနှုန်း အမျိုးအစားအလိုက် ဒီဇိုင်းပုံစံထုတ် ဆောင်ရွက်ပေးနေမှုနှင့် စက်မှုနှင့်သက်မွေးပညာ သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများအား On Job Training အဖြစ် လက်တွေ့လေ့ကျင့် သင်ကြားပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၁၄) အကြီးစား စက်ရုံသို့ ရောက်ရှိပြီး လောင်စာ (၂) မျိုးသုံး Dual Fuel Engine များအဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်မည့် V6 နှင့် V8 Diesel Engine များအား Test Bench ပေါ်တွင် စမ်းသပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နမူနာဒီဇယ်အင်ဂျင် (၂)လုံးအား စင်ကာပူနိုင်ငံတွင် LNG/ CNG/ LPG Engine အဖြစ် ပြောင်းလဲအောင်မြင်ပြီးဖြစ်၍ စက်ရုံရှိအင်ဂျင်များအား ဆက်လက်ပြောင်းလဲရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ရရှိလာမည့် နည်းပညာသစ်များအား ကြိုးစားလေ့လာသင်ယူကြရန်နှင့် ပျောက်ပျက်မသွားစေရေး ဆင့်ပွားသင်တန်းများပေးရန်၊ ထုတ်လုပ်မှုနည်းစဉ်တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို အမြဲမပြတ် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ် (၂၆) အကြီးစား စက်ရုံသို့ ရောက်ရှိပြီး လျှပ်စစ်မီးမရရှိသေးသော ကျေးလက်ဒေသနေ ပြည်သူများအတွက် (3.0 kw) Mini Hydro Cross Flow Turbine ၏ အစိတ်အပိုင်းများကို ရေးဆွဲပြီးဖြစ်သည့် ဒီဇိုင်းပုံစံများအတိုင်း အမြန်ဆုံး ထုတ်လုပ်နိုင်ရေးနှင့် စမ်းသပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


