ရန်ကုန် အောက်တိုဘာ ၂၁
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒီဇင်ဘာလတွင် ယှဉ်ပြိုင် ရမည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် အောက်တိုဘာ ၂၀ ရက်မှစ၍ ဂျပန် နိုင်ငံ အိုဆာကာမြို့၌ လေ့ကျင့်လျက်ရှိပြီး ကစားသမား ၂၆ ဦး ခေါ်ဆောင်သွားသည်။ မလေးရှားကလပ် ဆာဘားအသင်းတွင် သွားရောက်ကစားနေသည့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမှာမူ ဆီးဂိမ်းပြိုင်ပွဲ နီးကပ်မှသာ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ ၂၈ ရက်အထိ လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲများလည်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ ၈ ရက်တွင် ပဏာမ ကစားသမား ၃၀ ဖြင့် စတင်လေ့ကျင့်ခဲ့ပြီး ဂျပန်ခရီးစဉ်အတွက် ကစားသမားလေးဦးလျှော့ချကာ ၂၆ ဦး ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဂျပန်ခရီးစဉ် သွားရောက်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ဂိုးသမား - မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ အိစန္ဒာဇော် (ဧရာဝတီ)၊ ဇူးလတ်နဒီ (အား/ကာသိပ္ပံ) ၊ နောက်တန်း - မေသက်မွန်မြင့် (သစ္စာအားမာန်)၊ ဇွန်ယုယဦး (ဧရာဝတီ)၊ ခင်မျိုးသန္တာထွန်း (ရှမ်းယူနိုက်တက်)၊ ဖြူဖွေး၊ ယုယုနိုင် (ရန်ကုန်ယူနိုက်တက်)၊ လင်းလဲ့ဦး၊ သန်းသန်းနွယ်၊ ဟေမာန်စိုး၊ နှင်းပွင့်အေး (အား/ကာသိပ္ပံ)၊ အလယ်တန်း- ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ(ဧရာဝတီ)၊ နန်းဖြူဖြူသွယ်၊ ရူပါခိုင် (ရှမ်းယူနိုက်တက်)၊ ၀င်းဝင်း၊ ခင်မိုမိုထွန်း၊ (သစ္စာအားမာန်)၊ ခင်မာလာထွန်း (အား/ကာသိပ္ပံ)၊ ယွန်းဝတီလှိုင် (ရန်ကုန်ယူနိုက်တက်)၊ အိသက်ဖြိုး (YREO)၊ ရှေ့တန်း - စန်းသော်သော်(ဧရာဝတီ)၊ မြတ်နိုးခင် (သစ္စာအားမာန်)၊ ယဉ်လွန်းအိမ်၊ ရွှေရည်ထွန်း (အား/ကာသိပ္ပံ)၊ ဇင်မိုးပြည့်(ရန်ကုန်ယူနိုက်တက်) တို့ ပါ၀င်ကြသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


