ရန်ကုန် ၁၆ မတ်
ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာသန်းမြင့်၊ ဦးသောင်းထွန်းနှင့် ဦးအုန်းမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ချင်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (UK Department for International Development – DFID)၊ DaNaFacility နှင့် VDB Loi Co., Ltd တို့မှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
ထို့နောက် ချင်းရိုးရာအကအဖွဲ့မှ ချင်းရိုးရာဝါးညှပ်အကနှင့် ဓားသိုင်းအကတို့ဖြင့် ဖျော်ဖြေခဲ့ပြီး ချင်းပြည်နယ်၏ သဘာဝအလှအပနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဗီဒီယိုဖြင့်ပြသသည်။
ယင်းနောက် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်တို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတဦးမြင့်ဆွေ က ယနေ့ကျင်းပသည့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲသည် ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စီးပွားရေး အခွင့်အလမ်းများအပေါ် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ သိရှိစေရန်နှင့် ချင်းပြည်နယ်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ဒေသထွက်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြသနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း။
အာရှဖွံ့ဖြိုးရေးဘဏ်၏ တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ တစ်ဦးကျဝင်ငွေ တိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်တွင် (၅ ဒသမ ၉) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၌ (၆ ဒသမ ၃) ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားပါကြောင်း။
နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်မျှတပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ဖန်တီးပေးနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများအနေဖြင့် ကုမ္ပဏီများဥပဒေ အသစ်ပြဋ္ဌာန်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပြဋ္ဌာန်းခြင်း၊ ဥပဒေနှင့် စည်းမျဉ်းမူဘောင်များကို ခေတ်မီလာအောင် ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် မြှင့်တင်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်အားလုံးကို အထောက်အကူ ပြုနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စွမ်းဆောင်ရည်ကို ပိုမိုအား ကောင်းလာအောင် ဆောင်ရွက်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အပြောင်းအလဲပြုလုပ်ခြင်းများ ပါဝင်ပါကြောင်း။
ပုဂ္ဂလိကကဏ္ဍအတွက် လုပ်ကိုင်ခွင့်ပေးထားသည့် ပတ်ဝန်းကျင်ကို မြှင့်တင်ပေးခြင်းသည်လည်း အစိုးရစီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်များ၏ အဓိကမဏ္ဍိုင်ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ကာလလတ်နှင့် ကာလရှည်များအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် အဓိကရည်ရွယ်ပါကြောင်း။
မိမိတို့၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ရပ်အနေဖြင့် “မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP)” ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း၏ ရည်ရွယ်ချက်သည် စစ်မှန်၍ အားလုံးပါဝင်နိုင်ပြီး အသွင်ကူးပြောင်းသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် နည်းလမ်းများကို ထုတ်ဖော်ရာတွင် နိုင်ငံ၏ မူဝါဒ ရည်မှန်းချက်နှင့် အဖွဲ့အစည်းများအကြား အပြန်အလှန် ညီညွတ်မှုရှိစေရန် ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းသည် နိုင်ငံပြုပြင်ပြောင်းလဲမှုအတွက် သင့်လျော်သော လမ်းပြမြေပုံတစ်ခု ဖြစ်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုထားပါကြောင်း၊ ထို့အပြင်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အတားအဆီးဖြစ်စေသည့် ကန့်သတ်ထားသော မူဝါဒများကိုလည်း ပယ်ဖျက်သွားနိုင်ရန်အတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
အစိုးရအနေဖြင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့်စီးပွားရေး ဝန်းကျင်တိုးတက်စေရန် “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း” ကို ၂၀၁၈ ခုနှစ်တွင် မိတ်ဆက်ခဲ့ပါကြောင်း၊
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု (Private Sector Development-PSD) သည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်နှင့် လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ်တွင် ချမှတ်ခဲ့ပြီး ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ကိုဖွဲ့စည်းကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ကို ပူးပေါင်းပါဝင်သူများ၏ အမြင်နှင့် လက်တွေ့ ကွာဟချက်များကို ဖြည့်ဆည်းပေးရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိနားလည်စေရန်နှင့် လမ်းပြမြေပုံအနေဖြင့် ဆောင်ရွက်နိုင်စေရန်အတွက် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင် (PSD Framework) ကို ထပ်မံ၍ အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့အဆင့်မြှင့်တင်ရာတွင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာဝန်းကျင် တိုးတက်ကောင်းမွန်စေခြင်း၊ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ခြင်း၊ အခြေခံလူသား အရင်းအမြစ် တည်ဆောက်ခြင်းနှင့် စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံ၏ အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲခြင်း စသည့်မဏ္ဍိုင် (၅) ရပ်ဖြင့် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ယင်းသို့ကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲမှုများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံး၏ စီးပွားရေးဝန်းကျင်များကို မြှင့်တင်ပေးရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆင်းရဲမှုနှင့် မညီမျှမှုများ၏ အဓိကစိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ပိုမိုကောင်းမွန်သည့် လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန်အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ၏ အင်အားကို အသုံးပြုသွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်အကိုင် ဖန်တီးရေးနှင့်ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ProjectBank (စီမံကိန်းဘဏ်) မှ တစ်ဆင့်စီမံကိန်း ဆောင်ရွက်မှုများကို ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် အခြေခံ အဆောက်အအုံ ဦးစားပေးစီမံကိန်းများကို ထုတ်ပြန်ကြေညာရန်အတွက် Project Bank ကို မကြာခင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ Project Bank သည် အစိုးရဘတ်ဂျက် ခွဲဝေဆောင်ရွက်မှုကို ညှိနှိုင်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှု အထောက်အပံ့များ လွယ်ကူချောမွေ့စေရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) ၏ ပန်းတိုင်နှင့် မဟာဗျူဟာများအတွက်လည်း ချိန်ညှိရန်ရည်ရွယ်ထားပါကြောင်း။
ယခုအချိန်သည် မိမိတို့နိုင်ငံတွင်ပြည်တွင်း/ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်လာစေရန်အတွက် စီးပွားရေးတံခါးကို ဖွင့်လှစ်ထားပြီး ဖြစ်သည့်အတွက် လက်ရှိဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် အခွင့်အလမ်းများကို ဖိတ်ခေါ်လျက်ရှိပါကြောင်း၊ အခြေခံအဆောက်အအုံ မလုံလောက်သည့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သော်လည်း ယင်းစိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ပါကြောင်း။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားတွင် ပေါင်းကူးနယ်မြေဒေသ အနေဖြင့် တည်ရှိနေပြီး အခြားသော အာဆီယံနိုင်ငံများနှင့်ပါ ဆက်သွယ်နိုင်သည့် ထူးခြားသော ပထဝီတည်နေရာ အနေအထားကို ပိုင်ဆိုင်ထားသဖြင့် စီးပွားရေး အခွင့်အလမ်း အများအပြားရှိနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ယခုလိုမဟာဗျူဟာကျသည့် နိုင်ငံအတွင်းမှာရှိသည့် ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်မှုများသည် သိသာထင်ရှားလှသည့် ဈေးကွက်အလားအလာများကို ဖော်ဆောင်ပေးနေခြင်းပင် ဖြစ်ပါကြောင်း။
မဲခေါင်-အိန္ဒိယ စီးပွားရေးစြင်္ကံသည်လည်း တိုက်ရိုက်ကုန်သွယ်မှုများနှင့် တစ်ဆင့်ခံကုန်သွယ်မှုများကို ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် စီးပွားရေးစြင်္ကံတစ်လျှောက်တွင်ရှိသည့် စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း။
ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ ရေအားလျှပ်စစ်နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ရိုးရာရက်ကန်းလုပ်ငန်းစသည့် အသေးစား စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအထိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအမျိုးမျိုး ရှိနေသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း။
ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား မဟာဗျူဟာကျသည့် စီးပွားရေးစြင်္ကံပေါ်၌ တည်ရှိနေသဖြင့် အနာဂတ်တွင် နှစ်နိုင်ငံ၏ ကုန်သွယ်မှုသည် ပိုမိုများပြားလာပြီး ခိုင်မာသည့် အလားအလာကောင်းများ ရှိနေပါကြောင်း၊ ဆောင်ရွက်နေဆဲဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း အမြောက်အများကို ဖိတ်ခေါ်နေခြင်းပင်ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့်ပွဲသည် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ချင်းပြည်နယ်တွင်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိနားလည်စေရန် နှင့် အမိအရ ဆုပ်ကိုင်နိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင်ဧည့်သည်တော်များအနေဖြင့် ချင်းပြည်နယ်၏သဘာဝ အလှအပများကို တွေ့မြင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် ချင်းပြည်နယ်သို့ ဖြစ်နိုင်သမျှ မြန်မြန် သွားရောက်လေ့လာစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် ဒုတိယသမ္မတဦးမြင့်ဆွေသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းဆိုင်ရာ ပြခန်းများနှင့် ချင်းပြည်နယ်၏ ဒေသထွက်ကုန်ပစ္စည်းများ၊ ချင်းရိုးရာအထည်များနှင့် ရိုးရာယဉ်ကျေးမှု ပြခန်းတို့ကိုလှည့်လည်ကြည့်ရှု့ အားပေးသည်။
ထို့နောက် အခမ်းအနားကို အစီအစဉ်အတိုင်းဆက်လက် ကျင်းပရာအစိုးရ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသားပညာရှင်များက ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ အခြေခံအဆောက်အအုံနှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ရေအားလျှပ်စစ်နှင့် လေအားလျှပ်စစ်ကဏ္ဍ၊ အထည်အလိပ်နှင့် လက်မှုလုပ်ငန်းကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဘဏ္ဍာရေး ထောက်ပံ့မှုဆိုင်ရာကဏ္ဍတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပညာရှင်များ ပါဝင်ဆွေးနွေးသည့် စကားဝိုင်းဆွေးနွေးပွဲ တစ်ခုကိုလည်း ကျင်းပခဲ့သည်။
ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲသည် ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ပေးရန်၊ ချင်းပြည်နယ် စီးပွားရေးအခွင့်အလမ်းများအပေါ် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ သိရှိစေရန်နှင့် ချင်းပြည်နယ်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ဒေသထွက်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြသနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အဆိုပါပြပွဲတွင် ပြခန်းပေါင်း (၆၀) ကျော် ခင်းကျင်းပြသထားပြီး ဖျော်ဖြေမှု အစီအစဉ်များနှင့်အတူ မတ်လ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


