အောက်တိုဘာ ၂၂

သီရိလင်္ကာနိုင်ငံတွင် ဇန်နဝါရီ ၁ ရက်မှ ယမန်နေ့ကအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၀၀၀၀ ကျော်ရှိကြောင်း အမျိုးသားသွေးလွန်တုပ်ကွေး ထိန်းချုပ်ရေးဌာန (NDCU) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စုစုပေါင်း ၄၀၆၃၃ ကို အစီရင်ခံထားပြီးဖြစ်ကြောင်း ရပ်ရွာဆေးဘက်ဆိုင်ရာ ပါရဂူက ပြောကြားပြီး  နိုင်ငံ၏လူဦးရေအများဆုံးဒေသဖြစ်သည့် အနောက်ဘက်ပြည်နယ်တွင် ရောဂါဖြစ်ပွားမှု အများစုဖြစ်ကြောင်း အစီရင်ခံတင်ပြထားသည်။

ထိုအချိန်အတွင်း သွေးလွန်တုပ်ကွေးနှင့်ဆက်နွှယ်သော သေဆုံးသူ ၂၂ ဦးရှိကြောင်း သိရှိရပြီး ကျောင်းများ၊ အစိုးရဌာနများ၊ ဝတ်ပြုရာနေရာများနှင့် စွန့်ပစ်မြေများနှင့် အဆောက်အအုံများတွင် ခြင်ပေါက်ဖွားရာနေရာ အများစုကို တွေ့ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

၂၀၂၄ ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၅၀၀၀၀ နီးပါးဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၄ ဦးရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို