နေပြည်တော် အောက်တိုဘာ ၂၁
မွန်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တံတားလုပ်ငန်းများကို ယမန်နေ့က ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးတင်စန်းနိုင်နှင့် အတူ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး အပိုင်းတွင် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော ဂျိုင်း(ဇာသပြင်) တံတားသစ် တည်ဆောက်ရေး လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက Stay Cable သံမဏိကြိုးတပ်ဆင်ခြင်းလုပ်ငန်း၊ သံပေါင်တပ်ဆင်ခြင်း လုပ်ငန်း များဆောင်ရွက်ပြီးစီးမှု၊ ချဉ်းကပ်လမ်း ဆောင်ရွက်နေမှု၊ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများ အပေါ် ဒုတိယဝန်ကြီးက ယခုတံတားသစ် တည်ဆောက်ရေး လုပ်ငန်းသည် မြန်မာအင်ဂျင်နီယာများအတွက် နည်းပညာအတွေ့အကြုံများ ရရှိသည့်အတွက် များစွာ အကျိုးရှိပါကြောင်း၊ လုပ်ငန်းများ အချိန်မီ ပြီးစီးရန် လုပ်ငန်းစီမံချက်အတိုင်း တိကျစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး တံတား တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ဂျိုင်း(ဇာသပြင်) တံတားကို JICA ODA Loan ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တံတားအမျိုးအစားမှာ သံမဏိ ကြိုးဆိုင်းတံတား(Cable-stayed Bridge) ဖြစ်၍ တည်ဆောက်ပြီးစီး ပါက လက်ရှိ မြန်မာနိုင်ငံတွင် ခန်းဖွင့်အကျယ်ဆုံး တံတား ဖြစ်လာမည်ဖြစ်သည်။
ထို့ပြင် ဂျိုင်း(ဇာသပြင်) တံတားတည်ရှိသည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် စသည့် အာဆီယံနိုင်ငံများအကြား အဓိက ဆက်သွယ်သော လမ်းမကြီးဖြစ်သည့်အတွက် တိုးတက်များပြားလာသည့် ယာဉ်စီးရေ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန်နှင့် တန် ၆၀ ကားများ ဖြတ်သန်းသွားလာနိုင်စေရန် အဓိကရည်ရွယ် အဆင့်မြှင့် တင်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


