ပါရီ   အောက်တိုဘာ   ၂၂

ရှေးဟောင်းလက်ဝတ်ရတနာများ ခိုးယူခံရပြီး နောက်သုံးရက်အကြာ အောက်တိုဘာ ၂၂ ရက်တွင် လုဗ်ပြတိုက်ကို ပြန်လည်ဖွင့်လှစ်ကြောင်း သိရသည်။

သို့သော် လက်ဝတ်ရတနာများပြသထားရှိသည့် အပိုလိုပြခန်းကို ပိတ်ထားဆဲဖြစ်ကြောင်း ပြတိုက်တာဝန်ရှိသူများက ပြောကြားသည်။

ပြတိုက်မှ ခိုးယူခံရသော လက်ဝတ်ရတနာများသည် ယူရိုသန်း ၉၀ နီးပါး တန်ကြေးရှိကြောင်း ပါရီ အစိုးရရှေ့နေ လောရီဘီကျူရာက ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါပျက်စီးဆုံးရှုံးမှုသည် သမိုင်းဝင်ပြီး အလွန်အံ့မခန်းဖွယ်ပမာဏဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောကြားသည်။

လုဗ်ပြတိုက်တွင်ပြသထားသည့် ပြင်သစ်သရဖူအပါအဝင် ရတနာရှစ်မျိုးကို အောက်တိုဘာ ၁၉ ရက်တွင် ဖောက်ထွင်းသူလေးယောက်က ခိုးယူခဲ့သည်။ သံသယရှိသူများကို ခြေရာခံကာ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပါရီအစိုးရရှေ့နေရုံး၏ ညှိနှိုင်းမှုဖြင့် သူခိုးများကို အမြန်ဆုံးဖမ်းမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်