မော်လူး ၁၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် အလေးနက်ထားရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ မော်လူးမြို့၊ ဟဲနုကျေးရွာအနီးရှိ ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်ဝင်းဂိတ်နှင့် ခြင်းဒစ်တပ်များက ဂျပန်တပ်များကို ဖြတ်တောက်ပိတ်ဆို့သည့် ခံတပ်ကုန်းနှင့် လေယာဉ်ကွင်း သမိုင်းမှတ်တမ်းနေရာအား ၁၉၄၄ ခုနှစ် မတ် ၁၆ ရက်မှ ယနေ့ ၂၀၁၉ ခုနှစ်အထိ (၇၅) နှစ်ပြည့်အဖြစ် မြို့ဖြူတော်ခံတပ် (White City) ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အင်းတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ ကသာခရိုင် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းဌေး၊ Katha Heritage Trust အဖွဲ့နှင့် Mawlu Heritage Trust အဖွဲ့ တို့က မြို့ဖြူတော်ခံတပ် (White City) ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့ဖြူတော်ခံတပ် သမိုင်းမှတ်တမ်းဓာတ်ပုံပြ ဘုတ်များနှင့် ယခုလက်ရှိအနေအထားများကို လေ့လာကြည့်ရှုခဲ့ကြသည်။
“မော်လူးမြို့ရှိ မြို့ဖြူတော်ခံတပ် (White City) နေရာကို ၁၉၄၄ ခုနှစ်၊ မတ် ၁၆ ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး ယနေ့ဆိုရင် (၇၅) နှစ်ပြည့်ဖြစ်ပါတယ်။ မြို့ဖြူတော်လို့ အမည်သညာမှည့်ခေါ်ရခြင်းက ဟဲနုမှာ အခိုင်အမာတပ်စွဲထားတဲ့ စခန်းအပေါ် ရိက္ခာပစ္စည်းများ လေထီးဖြင့်ချပေးတော့ သစ်ပင်တွေပေါ်မှာ လေထီးဖြူဖြူ တန်းလန်းတွေရော၊ မြေပြင်ပေါ်က လေထီးဖြူဖြူတွေပါ ဖွေးဖွေးလှုပ်နေလို့ လေယာဉ်မှူးများက မြို့ဖြူတော်လို့ အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်။ မြို့ဖြူတော်ခံတပ်သည် မည်သည့်အခါမျှ ဂျပန်အသိမ်း မခံရတဲ့အပြင် သမိုင်းဝင်နေရာဖြစ်တဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ် ”ဟု စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ မော်လူးမြို့ ဟဲနုကျေးရွာအနီးရှိ မြို့ဖြူတော်ခံတပ် (White City) သည် မော်လူးမြို့မြောက်ဘက် ကချင်ပြည်နယ် မြစ်ကြီးနားသို့သွားသော လမ်းမကြီးပေါ်တွင်တည်ရှိကာ မော်လူးမြို့မှ တစ်ဆင့် (၁) မိုင်သာ ကွာဝေးပြီး သမိုင်းဝင်နယ်မြေဖြစ်သောကြောင့် ပြည်တွင်းပြည်ပခရီးသွားများက မော်တော်ကား၊ ရထား စသည်တို့ အသုံးပြုကာ အင်းတော်ကြီးသွားရင်းနှင့်သော်လည်းကောင်း၊ ဗန်းမောက် ဇလုံတောင် သွားရင်းနှင့်သော်လည်းကောင်း အဆိုပါနေရာသို့ စဉ်ဆက်မပျက် ဝင်ရောက်လေ့လာကြကြောင်း သိရသည်။
ထို့အပြင် ဒုတိယကမ္ဘာစစ်တုန်းက လေယာဉ်ကွင်း၊ တပ်စခန်းတွေချခဲ့သည့်နေရာများ၊ တောင်ကုန်းကြီးများ၊ မီးရထားသံလမ်းတံတားကြီးနှင့် ချင်းတွင်းအမှတ်တရ ကျောက်စာတိုင်တို့အပြင် အင်းတော်မြို့မှ ဂျပန်ဆေးရုံကိုလည်း ဝင်ရောက်လေ့လာနိုင်မှာဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


