အန်ကာရာ အောက်တိုဘာ ၂၂

တူကီယဲတပ်မတော်တပ်ဖွဲ့ဝင်များအား အီရတ်နှင့်ဆီးရီးယားနိုင်ငံများတွင် နောက်ထပ်သုံးနှစ် ထပ်မံတပ်စွဲမည့်အစီအစဉ်ကို တူကီယဲ ပါလီမန်က အောက်တိုဘာ ၂၁ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

သမ္မတ အာဒိုဂန်တင်သွင်းသည့်  ၎င်းအဆိုကို ပါလီမန်အတွင်း အများစုက ထောက်ခံခဲ့ကြောင်း အနာဒိုလူ သတင်းအေဂျင်စီသတင်းအရ သိရသည်။  ၎င်းနိုင်ငံများရှိ   စစ်သွေးကြွအဖွဲ့များဖြစ်သည့် အိုင်အက်စ်နှင့် ကာဒစ္စတန်လုပ်သားပါတီအဖွဲ့ဝင်များအား  တိုက်ခိုက်ရန် လိုအပ်သဖြင့် ၎င်းအစီအစဉ်ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ တူကီယဲတပ်ဖွဲ့ဝင်များ၏ အီရတ်နှင့်ဆီးရီးယားတွင်  စစ်ဆင်ရေးဆောင်ရွက်ရန်  ခွင့်ပြုကာလသည် အောက်တိုဘာ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ တူကီယဲတပ်ဖွဲ့ဝင်များသည် အီရတ်နှင့် ဆီးရီးယားရှိ စစ်သွေးကြွများအား တိုက်ခိုက်ရန် ပြီးခဲ့သည့်နှစ်များအတွင်းက စတင်တပ်စွဲခဲ့သည်။

 ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ