နေပြည်တော် ၁၆ မတ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နှစ်အလိုက်တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ယခုနှစ်နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံသံမဏိစက်ရုံအနီးတွင် စင်္ကာပူသမ္မတနိုင်ငံ အခြေစိုက်ကုမ္ပဏီဖြစ်သည့် Sembcorp Power Myanmar Co.,ltd မှ အကောင်ထည်ဖော် တည်ဆောက်ခဲ့သည့် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါဓာတ်အားပေးစက်ရုံ၌ ကျင်းပသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့ဖွင့်လှစ်သည့် စက်ရုံမှ ထွက်ရှိသည့် ဓာတ်အား ၂၂၅ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ မြင်းခြံ-သပြေဝ ဓာတ်အားလိုင်းနှင့်ချိတ်ဆက်ပြီး ဓာတ်အားစနစ်သို့ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးထားသည့်အတွက် တစ်နိုင်ငံလုံးရှိပြည်သူများသို့ ဖြန့်ဖြူးပေးထားသည့် စက်ရုံများထဲမှတစ်ရုံဖြစ်ပါကြောင်း၊ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာတွင် တည်ငြိမ်စိတ်ချ၍ အရည်အသွေး ကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရမည်ဖြစ်ကြောင်း။
မိမိတို့ အစိုးရလက်ထက်တွင်ပြည်သူများသို့ တည်ငြိမ်စိတ်ချ၍ အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် ယခင်ထက် ဓာတ်အားပြတ်တောက်မှု လျော့နည်းလာခြင်း၊ ဗို့အားတည်ငြိမ်စွာဖြင့် အသုံးပြုလာနိုင်ခြင်း၊ ဗို့အား ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများအား ပြည်သူများ ခံစားလာရပြီဖြစ်ပါကြောင်း၊ ယခင်က တစ်နှစ်အတွင်း တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်ခြင်း (System Breakdown) အကြိမ်ရေများစွာ ဖြစ်ခဲ့သော်လည်း ယခုအခါ System Breakdown အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မကြာမီတွင် System Breakdown လုံးဝမဖြစ်ပေါ်အောင် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဓာတ်အားစနစ်တွင် အရံဓာတ်အားပေးစက်များလည်း ရှိရမည်ဖြစ်ပြီး သို့မှသာ အရေးပေါ်အခြေအနေများတွင် တည်ငြိမ်စိတ်ချ၍ အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားကို ဆက်လက်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အမြင့်ဆုံး ဓာတ်အားလိုအပ်ချက်ထက် ပိုမိုသည့် ဓာတ်အားထုတ်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး အရေးပေါ် အခြေအနေများတွင်လည်း တည်ငြိမ်စိတ်ချ၍ အရည်အသွေး ကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရန် အရံဓာတ်အားပေးစက်များလည်း ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အတွက် နောက် ၃ နှစ်အတွင်းနောက်ထပ် (၃၀ဝဝ) မဂ္ဂါဝပ်ခန့် ပိုမိုထုတ်လုပ်ပေးနိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း (၁၀ ဒသမ ၈၇၇) သန်းရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အိမ်ထောင်စုပေါင်း (၄ ဒသမ ၇၀၉) သန်း (၄၃%) ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး (၆ ဒသမ ၁၆၈) သန်း (၅၇%) ခန့်သည် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိရန် ကျန်ရှိနေသေးပါကြောင်း၊ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပချေးငွေများ ရယူခြင်းအပါအဝင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေများ သုံးစွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ (၅၀%) ကျော်ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိတော့မည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာန၏ လွန်စွာဂုဏ်ယူ ဝမ်းမြောက်ဖွယ်ကောင်းသည့် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအကျဆုံးသည် လျှပ်စစ်ဓာတ်အား ဖြစ်သည်နှင့်အညီ ၂၀၂၁ ခုနှစ်တွင် ၅၅% ၊ ၂၀၂၆ ခုနှစ်တွင် ၇၅% အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် စင်္ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှု၊ ပညာရေးဝန်ကြီး Mr. Chee Hong Tat ၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံ သံအမတ်ကြီးနှင့် Sembcorp Industries Ltd မှ အမှုဆောင် အရာရှိချုပ် Mr. Neil McGregor တို့က အမှာစကား ပြောကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု ဗွီဒီယိုရုပ်သံ မှတ်တမ်းအား ပြသခဲ့ကာ မြင်းခြံမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအား ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးတိုင်းဒေသကြီး စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မြင်းခြံမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့်ဦးစစ်အေး၊ SMPC မှ မန်နေးဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာ အဖွဲ့ဝင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စင်္ကာပူနိုင်ငံကုန်သွယ်ရေးနှင့်စက်မှု၊ ပညာရေးဝန်ကြီး Mr. Chee Hong Tat၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့် Sembcorp Industries Ltd မှ အမှုဆောင်အရာရှိချုပ် Mr. Neil McGregor တို့မှ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


