နေပြည်တော် အောက်တိုဘာ ၂၂

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၄/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ရုံးအမှတ်(၁၈) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်ကို အောင်မြင်အောင် ကဏ္ဍအလိုက် တွန်းအားပေးအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

နိုင်ငံတကာ မျက်နှာစာဘက်တွင်လည်း နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတကာ ခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မိမိတို့နိုင်ငံအပေါ် ထောက်ခံအားပေးမှုနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု စသည့် အခွင့်အလမ်းများ ပိုမိုရရှိလာခဲ့ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအနေဖြင့် အဆိုပါ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများအနက် နည်းပညာဖွံ့ဖြိုးမှုနှင့် ပြည်ပကုန်သွယ်မှုတို့သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်သွယ်ရေး စနစ်တွင်လည်း လျင်မြန်သည့် On Net 2.0 စနစ်ဖြင့် စတင်နေပြီဖြစ်ကြောင်း၊ နိုင်ငံတကာဈေးကွက်နှင့် ကုန်သွယ်မှု လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးရေး စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 

စိုက်ပျိုးရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် သီးနှံအထွက်တိုးမြှင့်ရေးသည် နိုင်ငံ၏ အဓိကပန်းတိုင် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ပြီး စားနပ်ရိက္ခာ လုံလောက်စွာ ရရှိနိုင်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မျိုးစေ့ ဖွံ့ဖြိုးရေးဌာနများ၊ သုတေသနဌာနများ ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်လည်း နိုင်ငံအနှံ့ မျိုးကောင်းမျိုးသန့် မျိုးမှန်ရရှိရေးအတွက် သုတေသန လုပ်ငန်းသစ်များ ထပ်မံတိုးမြှင့် အလေးထားဆောင် ရွက်ရန် လိုအပ်ကြောင်း၊ ဝါနှင့်ပတ်သက်၍ စိုက်ဧကအတိုင်း တစ်ဧက အထွက်နှုန်းပြည့်မီအောင် ချည်မျှင် ရှည်ဝါ၊ မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးနိုင်မည် ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး ပြည်တွင်းဖူလုံရုံသာမက ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဝါးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် နှစ်စဉ် ဝါးတန်ချိန်များစွာ ထွက်ရှိသည့်အတွက် ဝါးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများအပြင် ဝါးစက္ကူပျော့ဖတ်ကို ထုတ်လုပ်နိုင်ရန်အတွက် စီမံကိန်းချမှတ်ပြီး စိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း၊ ရော်ဘာနှင့် ရော်ဘာထုတ်ကုန် ပစ္စည်းများကိုလည်း ပြည်တွင်းမှထွက်ရှိသည့် ရော်ဘာအခြေခံ ကုန်ကြမ်းများ အသုံးပြု၍ အဆင့်မြင့် ကုန်ချော ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာ အကျိုးဖြစ်စေနိုင်ကြောင်း၊ သီးနှံအထွက် တိုးမြှင့်ရေးသည် တောင်သူများ၏ အကျိုးသာမက နိုင်ငံ၏အောင်မြင်မှုလည်း ဖြစ်သောကြောင့် မဖြစ်မနေ အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမြေများ တိုးချဲ့ခြင်းထက် ရှိပြီးသား စိုက်ပျိုး မြေများပေါ်တွင် တစ်ဧကသီးနှံအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဓာတ်မြေဩဇာများကို မိုးစပါးစိုက် တောင်သူများအတွက် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း၊ လက်ဆွဲ မျိုးစေ့ချကိရိယာ(Drum Seeder) များကိုလည်း ထောက်ပံ့ပေးထားကြောင်း၊ အဆိုပါထောက်ပံ့ပေးထားသည့် ဒေသများတွင် ပန်းတိုင်အထွက်နှုန်း အမှန်တကယ်ရရှိရေး ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့ ဆိုသည့်အတိုင်း နှစ်ရှည်သီးနှံပင်များကို တစ်အုပ်တစ်မ စိုက်ပျိုးပြီး နိုင်ငံတွင်း သစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်းကို တိုးမြှင့်ရမည်ဖြစ်ကြောင်း။

 

စက်မှုကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေခံအားဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို ဦးစားပေး အနေဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒစ်ဂျစ်တယ်စနစ်၊ နည်းပညာ သုံးထုတ်လုပ်မှုစနစ်နှင့် ပတ်သက်သည့် အသိပညာများ ရရှိရန် လိုအပ်ကြောင်းနှင့် အကျိုးအမြတ်ထက် တည်ငြိမ်ပြီးတိုးတက်မှုကို ဦးစားပေးသည့် ထုတ်လုပ်မှုနှင့် စက်မှုဖွံ့ဖြိုးရေးဖြစ်စေရန် ဦးတည်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

 

တရားမဝင်ကုန်သွယ်မှုနှင့် အရေးယူမှုများနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရားမဝင်ကုန်သွယ်မှုသည် အဓိက အဟန့်အတားဖြစ်နေပြီး လူမှုစီးပွားရေး ကဏ္ဍအပေါ် များစွာ ဆိုးကျိုးသက်ရောက်လျက် ရှိသည့်အတွက် တရားမဝင် ကုန်သွယ်မှုများအား သက်ဆိုင်ရာဌာနများက ယခုထက်ပိုမို တားဆီးကြပ်မတ် ဆောင်ရွက်စေလိုကြောင်းနှင့် ဖမ်းဆီးရမိမှုများကို ဥပဒေပုဒ်မ မှန်မှန်ကန်ကန်ဖြင့် တရားစွဲအရေးယူရန် လိုအပ်ကြောင်း။

 

ပညာရေးနှင့်ပတ်သက်၍ လူတိုင်း ပညာသင်ယူမှု အခွင့်အလမ်းများမြှင့်တင်ရေး၊ နိုင်ငံသားတိုင်း KG+9 ပြီးမြောက်အောင်မြင်ရေး၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ အားပေး ဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့်နီးပါး အတန်းစဉ်အောင်မြင်ရေးနှင့် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးရေး အတန်းစဉ်ကူးပြောင်းရာတွင် ရှိရင်းကျောင်းသား ဦးရေထက် လျော့နည်းမသွားစေရေး ကြပ်မတ် ဆောင်ရွက်ရေးနှင့် နိုင်ငံတော်က ချမှတ်ထားသည့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း။

 

ကျန်းမာရေးနှင့်ပတ်သက်၍ လက်ရှိပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ရောဂါဖြစ်ပွားလာပါကလည်း အရည်အသွေး ပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက “ဆေးရုံတိုင်းဆရာဝန်ရှိရမည်ဟု မူဝါဒချမှတ် ပေးထားသည့်အတွက် ဆေးရုံများအတွက် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်း ခန့်ထားပေးရန်လိုအပ်ကြောင်း။

 

အားကစားကဏ္ဍနှင့်ပတ်သက်၍ “အားကစားကို မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်နေခြင်းဖြစ်သည် ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော် အကြီးအကဲအနေဖြင့် အားကစားကဏ္ဍကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ရှိ မြို့ကြီးများတွင် မိုးလုံလေလုံ အားကစားရုံ၊ ရေကူးကန်၊ လူ ၅၀၀၀ ပွဲကြည့်နိုင်သည့် အဆင့်မြင့် ပွဲကြည့်စင်နှင့် Synthetic Rubber Track and Field ကွင်းအပါအဝင် ဘောလုံးကွင်းများကို ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများအလိုက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းအောင် လေ့ကျင့် မွေးမြူပြီး အားကစားကဏ္ဍကို မြှင့်တင်ပေးကြစေ လိုကြောင်း၊ မကြာမီ ထိုင်းနိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် အားပေးဆောင် ရွက်ကြရန် လိုအပ်ကြောင်း။

 

ဘဏ္ဍာရေးနှင့် အခွန်ကဏ္ဍနှင့်စပ်လျဉ်း၍ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် တင်ပြတောင်းခံထား သည့် အသုံးစရိတ်များနှင့် လုပ်ငန်းများသည် နိုင်ငံ တော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အရည်အသွေး ပြည့်မီစေရေး၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ အခွန်ကဏ္ဍသည် အရေးကြီး သည့်အတွက် အခွန်ကောက်ခံမှု လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း နှင့် သတ်မှတ်ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများကို လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများအတိုင်း အလေးထား ဆောင်ရွက်ကြစေလိုကြောင်း။

 

ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရေး၊ ရွေးကောက် ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေး စက် (MEVM) ကို ပြည်သူများ အသုံးပြုတတ်စေရန် ပညာပေးရေး၊ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရေး စသည်များကို အလေးထားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြား တင်ပြကြသည်။

 

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြဆွေးနွေးချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်