မအူပင် အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ အလက(၁) မဲရုံအမှတ်(၁)၌ မီးဘေး လုံခြုံမှု ရှိ၊ မရှိ လျှပ်စစ်ဝိုင်ယာကြိုးများ၊ မီးပလတ်ခုံများ လုံခြုံစိတ်ချမှု ရှိ၊ မရှိကို ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မအူပင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ ဆရာမများ ပူးပေါင်း၍ မီးဘေးအန္တရာယ်မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးဘေးအန္တရာယ် ပေါ်ပေါက် လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများကို အသိပညာပေးဟောပြောသည်။ ယင်းနောက် မီးသတ်ဆေးဘူး ထားရှိမှုများနှင့် လျှပ်စစ်ဝိုင်ယာကြိုးများ၊ မီးခလုတ်များ ကောင်းမွန်မှု ရှိ၊ မရှိကို စမ်းသပ်စစ်ဆေးကြပြီး မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)


