ရန်ကုန် ၁၆ မတ် 


ခေတ်အဆက်ဆက် တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်စေတီတော် ကိုးဆူ၏ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များအား လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ငွေ့လှုံပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တွင် ကျင်းပသည်။


အခမ်းအနားတွင် ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များအား ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှ ရင်ပြင်တော်ပေါ်သို့  ဆရာတော်သံဃာတော်များ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဗဟိုဥက္ကဋ္ဌ ဝဏ္ဍကျော်ထင် ဒေါက်တာခင်ရွှေ နှင့် အလှူရှင်များက ပင့်ဆောင်ပူဇော်ကြသည်။ 


ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များအား ရွှေတိဂုံ စေတီတော်မြတ်ကြီးရှိ ဦးဘရီတန်ဆောင်းတွင် မတ် ၁၇ ရက်တွင် ရင်ငွေ့လှုံ အပူဇော်ခံမည်ဖြစ်ကြောင်းနှင့် မတ်လ ၁၈ ရက်တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီးမှတစ်ဆင့် သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ပင့်ဆောင် အပူဇော်ခံမည်ဖြစ်ပြီး ထီးတော်တင်လှူပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊ 


ဆံတော်ရှင် စေတီတော် ကိုးဆူတွင် တင်လှုမည့် ရွှေထီးတော်၊ ဌက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်များအား မတ် ၁၆ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ် ဘီလင်းမြို့ရှိ ကျိုက်ထီးဆောင်း ဆံတော်ရှင်တည်ရှိရာ ဘီးလင်းမြို့မှတဆင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ ဇမ္ဗူ့ဥသျှောင်မြတ်ဘုန်းခေါင် ဓါတ်ပေါင်းစုံစေတီတော်တွင် ခေတ္တရပ်နားခဲ့ပြီး ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်ကာ ရင်ငွေ့လှုံ အပူဇော်ခံခြင်းဖြစ်သည်။ 


ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရင်ငွေ့လှုံအပူဇော်ခံသည့် ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များအား ရှေးဟောင်းသမိုင်းဝင် စေတီတော်များဖြစ်သည့် အလောင်းစည်သူမင်း တည်ထားကိုးကွယ်ခဲ့သော ပုသိမ်မြို့ လေးကျွန်းရန်အောင် ဖောင်တော်ဦး ရေကြည် ရေနောက်ဘုရားကြီး၊ မြန်အောင်ဘုံသာ ဘွဲ့တော်ရ ရွှေဘုံသာစေတီတော်၊ ကျိုက်မရော ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၊ ကျိုက်ဒေးယုံ ဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ရွှေဇင်း ကျိုက်ဆံတော်ရှင် စေတီတော်မြတ်ကြီး၊ ဒေးခင်ရွှေစေတီတော်၊ သက္ကထူပ (ခေါ်) သိကြားဘုရား၊ ဘီလင်းမြို့ရှိ ဆံတော်ကြိုတပ်တော်ဦးစေတီတော် (နန်းဦးစေတီ) တော်မြတ်ကြီး၊ ဂျိုင်းမဟာမုနိစေတီတော်မြတ်ကြီးတို့တွင် တင်လှုပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း၊ဓာတ်ပုံ/မင်းသစ်(MNA)