မြစ်ကြီးနား အောက်တိုဘာ ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ကျင်းပသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်)ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ကြပြီး ဖိုရမ်ကို လော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်းသရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်း သားအခွင့်အရေးဆိုင်ရာ ဖိုရမ်ကို ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်၏အသက်ဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမိုသိရှိလေ့လာနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ စကား၊ စာပေနှင့် ဒေသဖွံ့ဖြိုးရေးများကို ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါ အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ ရပိုင်ခွင့်များကို ပြည့်ဝစွာနားလည်ပြီး အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့် အစိုးရ အပြန်အလှန်နားလည်ယုံကြည်မှုကို ပိုမိုခိုင်မြဲစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများအားလုံးအတွက် နိုင်ငံသားအခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေး ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ သိရှိနားလည်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဖိုရမ်ကို စတင်ကျင်းပရာ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်းခေါင်းစဉ်ဖြင့် မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့အခြေအနေနှင့် ပြည်ထောင်စုစိတ်ဓာတ် စသည့်အကြောင်းအရာများကိုလည်းကောင်း၊ စာရေးဆရာအကြီးကိုကို (ကသာ)က ငါတို့နိုင်ငံ၊ ငါတို့လူငယ်၊ ငါတို့အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


