ရန်ကုန်     အောက်တိုဘာ     ၂၂

(၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အောက်တိုဘာ ၂၄ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ထိုင်းလက်ရွေးစင်အသင်းအပါအဝင် ထိုင်းအမျိုးသမီးကလပ်အသင်းများနှင့် ခြေစမ်းပွဲ သုံးပွဲ သို့မဟုတ် လေးပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက်  စက်တင်ဘာလမှ စတင်ကာ  ပဏာမကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်နေပြီး    ထိုင်းခရီးစဉ်သို့ ကစားသမား ၂၂ ဦး ခေါ်ဆောင်သွားမည်ဖြစ်သည်။  မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းကို ကျင်းပပြီးစီးခဲ့သည့်  အမျိုးသမီးဖူဆယ်လိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်သူများဖြင့်   ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုမဲခွဲရာတွင် ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေသည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF