မန္တလေး ၁၆  မတ် 


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် မတ် ၁၆ ရက် နံနက် ၉ နာရီတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များမှ တင်ဒါလက်ခံရယူ ဆောင်ရွက်နေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများကို  အဆိုပါပုံနှိပ်တိုက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်တို့နှင့်အတူ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ တင်ဒါလက်ခံရယူ ဆောင်ရွက်နေကြသည့် ထိပ်တန်းပုံနှိပ်တိုက်၊ တတိယလှိုင်း ပုံနှိပ်တိုက်နှင့် ရတနာမိုးပုံနှိပ်တိုက်တို့သို့ သွားရောက်၍ လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း နာယက ဦးတင်စိန်နှင့် အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းစိုးတို့က လက်ရှိလုပ်ငန်းပြီးစီးမှုနှင့် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

1


ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ကျောင်းသုံးစာအုပ်များ သတ်မှတ်အချိန်အတွင်း အချိန်မီ ပြီးစီးရန်နှင့် ပုံနှိပ်အရည်အသွေး ပြည့်မီရန် အလေးထား ဆောင်ရွက်ကြစေလိုကြောင်းမှာကြားပြီး လုပ်ငန်းအတွက် အခက်အခဲများ ရှိပါက ကူညီဆောင်ရွက်ပေးနိုင်ရန် လာရောက်ကြည့်ရှုခြင်း ဖြစ်ကြောင်း ပြောကြားကာ ပုံနှိပ်လုပ်ငန်း ဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်ရှိ အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) သို့ ရောက်ရှိလာရာ စက်ရုံမှူး ဦးအောင်ဆွေမြင့်က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ထုတ်လုပ်ထောက်ပံ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး  ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ  စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

1


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်  ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးဝင်းအတွင်း ဒေသခံပြည်သူများ၏ လှူဒါန်းငွေဖြင့် တည်ဆောက်နေသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အား သွားရောက်ကြည့်ရှုအားပေးပြီး ဌာနအတွင်း ဖွင့်လှစ်ထားသည့် ကလေးစာဖတ်ခန်းနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။


ထို့နောက် အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ သွားရောက်၍ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်နှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံဆွေးနွေး   မှာကြားခဲ့ကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)

 

1