နေပြည်တော် အောက်တိုဘာ ၂၂

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အရေးပေါ်လူနာတင် ယာဉ်စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လူနာတင်ယာဉ်စခန်းများကို နေပြည်တော်ကောင်စီ နယ်မြေအတွင်း ခုနစ်မြို့နယ်တွင် သက်ဆိုင်ရာမြို့နယ်များရှိ ဆေးရုံများ၌ အဓိကအခြေပြုထားပြီး စုစုပေါင်း လူနာတင်ယာဉ်စခန်း ကိုးခု ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်လူနာတင် ယာဉ်စနစ်အတွက် အသုံးပြုမည့် လူနာတင်ယာဉ်များကို Basic Ambulance အဖြစ် ပြင်ဆင် ဆောင်ရွက်ထားပြီး Telematic စနစ်ဖြင့် တပ်ဆင်ကာ လူနာတင် ယာဉ်တည်နေရာ၊ လှုပ်ရှားမှုတို့ကို Real time ကြီးကြပ်နေကြောင်း၊ နေ့စဉ်ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု အခြေအနေ (Readiness) ကို EMS 192 Call Centerမှ နေ့စဉ်နံနက်တိုင်း စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ယာဉ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရ လူနာများကို ဆေးရုံသို့ နည်းစနစ် မှန်ကန်စွာ သယ်ယူပို့ဆောင်နိုင်ရန်အတွက် အရေးပေါ်လူနာတင် ယာဉ်စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆက်စပ် ဌာနဆိုင်ရာများ အနေဖြင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဇင်မာစိုးက အရေးပေါ်လူနာတင် ယာဉ်စနစ်နှင့် ပတ်သက်၍လည်းကောင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းက အရေးပေါ်လူနာတင်ယာဉ်စနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး တင်ပြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူနာတင်ယာဉ်များဖြင့် လူနာများကယ်ဆယ် ပို့ဆောင်ရေးလုပ်ငန်း သရုပ်ပြမှုများ၊ လူနာတင်ယာဉ် ပြင်ဆင်ထားရှိမှုများနှင့် Ambulances Crew စုဖွဲ့မှုများကို ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနား မြို့နယ် ကူးတို့ဆိပ်ကျေးရွာသို့ ရောက်ရှိပြီး စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ရုံး၌ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး တောင်သူများနှင့် တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သွင်းအားစု ဓာတ်မြေဩဇာကို လည်းကောင်း၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ကျောက်မှုန့်မြေဩဇာကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပိုက်ဆံလျှော် မျိုးစေ့ကိုလည်းကောင်း တောင်သူများထံ ပေးအပ်သည်။

 

ယင်းနောက် ဇေယျာသီရိမြို့နယ်သို့ ရောက်ရှိပြီး ကျည်တောင်-သာယာဝှမ်း (ရွှေပေါင်းလောင်း)တံတား ပေ ၅၅၀ တည်ဆောက်နေမှု အခြေအနေများကို လည်းကောင်း၊ သစ်တပ်ကျေးရွာနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းကြား လမ်းဦးစီးဌာနမှ ရွာပတ်လမ်း ကျောက်ရောမြေ (ရိစာ) လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

အောင်ကို(ပုဗ္ဗသီရိ)