နေပြည်တော်    အောက်တိုဘာ  ၂၂

တပ်မတော်က   ပြည်သူလူထု   အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး    (Counter-Terrorism    Operation)ကို ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အား    အလုံးစုံပြန်လည်ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏  အုပ်ချုပ်မှုယန္တရား  ပြန်လည်  လည်ပတ် နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ   ပြန်လည်ဆောင်ရွက်ရေး စသည်တို့အပြင်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို   အချိန်နှင့်တစ်ပြေးညီ   အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ သီပေါမြို့နှင့် ၎င်းဒေသတစ်ဝိုက်ရှိ ကျောင်းသား ကျောင်းသူများ၏ ပညာရေးကဏ္ဍ  ထိခိုက်နစ်နာမှုမရှိစေရန်  စာသင် ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ အဆင်ပြေ ချောမွေ့စေရန် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သီပေါမြို့ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး သည်။

ထို့ပြင်  သီပေါမြို့ရှိ  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ အောက်တိုဘာ ၂၁ ရက်မှစ၍ ကျောင်းနေအရွယ် ကလေးများအား တန်းစဉ်အလိုက် ကျောင်းအပ်လက်ခံလျက်ရှိရာ         ယနေ့တွင် ကျောင်းလာရောက်အပ်နှံမှုအနေဖြင့်  ကျောင်းသား ကျောင်းသူ ၆၀၇ ဦး  ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၇၁၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိ သူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။

ယင်းအပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သီပေါမြို့ ကုန်းတော်ပရိယတ္တိ စာသင်တိုက်၌ ယာယီရုံးခွဲဖွင့်လှစ်၍ ဒေသခံတိုင်းရင်း သားပြည်သူများ    အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို စတင်ဆောင်ရွက်ပေးလျက်ရှိပြီး  လုံခြုံရေးတပ်ဖွဲ့ဝင်များက  သီပေါမြို့ရှိ  ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူများ သွားလာအသုံး ပြုလျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် သီပေါမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ   လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သတင်းစဉ်