တိုက်ကြီး အောက်တိုဘာ ၂၂

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှု၊ တိုင်းရင်းသားရေးရာ ဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလ ငါးတန်ဖွံ့ဖြိုးရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုက်ကြီး မြို့နယ် ငါးလာချောင်းကျေးရွာအုပ်စု မူလွန်(အလယ်စု)၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ တိုက်ကြီးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသူအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးက အမှာစကား ပြောကြားကာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသူအောင်က ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ ပေါ်ထွန်းလာရေး ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အားကစားပစ္စည်းများကို ပေးအပ်ရာ မူလွန်(အလယ်စု)မှ ကျောင်းအုပ် ဆရာကြီးက လက်ခံရယူပြီး ကျေးရွာပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။

 

တိုင်းရင်းသား ကျောင်းသား လူငယ်များ ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပူဖောင်း ဖောက်ပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာ ရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကို ကျင်းပခဲ့ပြီး ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)