ပဲခူး အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ မဟာတန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီက ကျင်းပပြီးစီးခဲ့သည့် သီတင်းကျွတ် မီးထွန်းပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ရာတွင် ပဲခူးမြို့သူ မြို့သားများက မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ ပုံရိပ် ထူးခြား ကောင်းမွန်စေရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါ ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရာသီအလိုက် ပွဲတော်များကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိပြီး မဟာတန်ဆောင် တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများပူးပေါင်း၍ စတုဒိသာ ကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ စင်တင်တေးဂီတဖြင့် ဖျော်ဖြေခြင်းတို့ ထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မီးပုံးပျံလွှတ်တင်သည့် လေလမ်းကြောင်းအတိုင်း မီးသတ်ယာဉ်အသင့်၊ လူအသင့်ဖြင့် စနစ်တကျ နေရာ ချထားသွားရန်၊ တန်ဆောင်တိုင်ကာလ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲများ၊ မသိုးသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် အခြားအလှူအတန်းပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ ပဲခူးမြို့၌ ယခင်နှစ်များနည်းတူ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို အေးချမ်းလုံခြုံအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် မြို့မိမြို့ဖများက ပဲခူးမြို့ အစဉ်အလာအတိုင်း တန်ဆောင်တိုင်ပွဲတော်ကျင်းပနိုင်ရေး ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)