ရန်ကုန် ၁၆  မတ် 


အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊  သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။


အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။


အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ  မန္တလေးမြို့ ဗန်းမော်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တစန္ဒိမာဘိဝံသ က ဆောင်ရွက်တော်မူသည်။

 

1


ရှေးဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ယင်းနောက် ယနေ့ ဖြန့်ဝေဆက်ကပ်ထားသည့် အစီအစဉ်တွင် ပါရှိသည့်အတိုင်း အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာပြီး အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များ၏ အမည်စာရင်းကို သဘာပတိဥက္ကဋ္ဌ ဆရာတော်ကြီး၏ကိုယ်စား အခမ်းအနားမှူး ဆရာတော်က ဖတ်ကြားတင်သွင်းပြီး သဘာပတိဆရာတော်က အတည်ပြုချက် ရယူကာ နံနက်ပိုင်းအစည်းအဝေးကို ခေတ္တရပ်နားသည်။  


မွန်းလွဲ ၁ နာရီတွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်များနှင့် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များ၏ အမည်စာရင်းကို သဘာပတိ ဆရာတော်၏ကိုယ်စား အခမ်းအနားမှူး ဆရာတော်က ဖတ်ကြားတင်သွင်းပြီး သဘာပတိဆရာတော်က အတည်ပြုချက် ရယူတော်မူသည်။


ထို့နောက် နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်များအား နိုင်ငံတော် ဝိနည်းဓိုရ် လက်မှတ်များဆက်ကပ်ကြသည်။  

 

1


ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမ အစည်းအဝေးနှင့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစားထိုးရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့သမိုင်းဝင် မှတ်တမ်းစာအုပ်ကြီး၌ သြဝါဒါစရိယ ဆရာတာ်ကြီး ၁၅ ပါး၊ ဥက္ကဋ္ဌ ဆရာတော်၊ အကျိုးတော်ဆောင် ဆရာတော်၊ ဂိုဏ်းအသီးသီးနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့မှ ကိုယ်စားလှယ် တစ်ပါးစီတို့က လက်မှတ်ရေးထိုးတော်မူကြသည်။


ထို့နောက် သဘာပတိနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့  ဥက္ကဋ္ဌ  မန္တလေးမြို့ ဗန်းမော်ဆရာတော် က နိဂုံးချုပ် ဥယျောဇနကထာကို မြွက်ကြားရာတွင် ဘုရားတပည့်တော် အထူးလျှောက်ထားလိုသည်မှာ ကာလဒေသ အချိန်အခါ အခြေအနေအရ ရဟန်းငယ်ရှင်ငယ်များ လမ်းမှားသို့ မလိုက်မိစေရန် သက်ဆိုင်ရာ ဆရာသမားများက သဘောပေါက်နားလည်အောင် သွန်သင်ဆုံးမ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြစေရေး အထူး ကြပ်မတ်ပေးခြင်းဖြင့်လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တည်တံ့ခိုင်မြဲနေစေရေးအတွက် ဂိုဏ်းတစ်ပါး၏ အလိုကို အခြားဂိုဏ်းများက ဓမ္မဝိနယ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်လျော ဆောင်ရွက်ပေးခြင်းဖြင့် သူ့ဂိုဏ်းကိုယ့်ဂိုဏ်းဟု ဂိုဏ်းဂဏစွဲစိတ်များကို ပယ်ဖျောက်တော်မူကြကာ သံဃာစည်းလုံးညီညွတ်မှုကို အထူးအလေးဂရုပြုတော်မူကြခြင်းဖြင့်လည်းကောင်း၊ လုံ့လမယုတ် အားထုတ်ကြိုးပမ်း စွမ်းအားရှိသမျှ သာသနာပြုတော်မူခဲ့ကြပါဟု လျှောက်ထားအပ်ပါကြောင်း။

 

1


တပည့်တော်တို့ လျှောက်ထားအပ်ခဲ့ပြီးသည့်အတိုင်း နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအနေဖြင့် ကြီးမားသောလုံ့လ ဥဿာဟဖြင့် ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီပေးကာ ကြွရောက်ချီးမြှောက်တော်မူခြင်း၊ သြဝါဒကထာတို့ကို ချီးမြှောက်တော်မူခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရအမှူးပြုသော ဌာနဆိုင်ရာ အသီးသီး၏ ဝိုင်းဝန်းပေါင်းစပ် ပံ့ပိုးကူညီကြခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တကွ သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာန၊ တာဝန်ရှိပုဂ္ဂိုလ်အားလုံးတို့၏ ကျရာတာဝန်ကို နေ့နေ့ညည အားထုတ်ဆောင်ရွက်ခြင်း၊ ဆွမ်းဒါယကာ၊ ဒါယိကာမတို့နှင့် ဝေယျာဝစ္စအဖွဲ့တို့၏ ဘောဇနသပ္ပါယဖြစ်အောင် ဆောင်ရွက်ပေးခြင်း စသည်တို့ဖြင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ခြင်းကြောင့်သာ ဤအစည်းအဝေးကြီး ချောမောအောင်မြင် ပြီးမြောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဤကဲ့သို့ အားပေးချီးမြှောက် ထောက်ပံ့ကူညီကြသော ရဟန်းရှင်လူ အားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ချမ်းမြေ့ကြပါစေဟု ပတ္ထနာပြုဆုတောင်းလျက် တပည့်တော်၏ သြဝါဒကထာကို နိဂုံးချုပ် ပါကြောင်း မြွက်ကြားသည်။ 


ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် အားလုံးကဇယန္တော ဗောဓိယာမူလေအစချီ (၂) ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူကြပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။


ယနေ့အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသည့် ဆရာတော်ကြီးများ ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) နှင့် ဇနီးဒေါ်ကြိုင်ကြိုင် မိသားစုအမှူးပြုသည့် အငြိမ်းစားဓမ္မမိတ်ဆွေ မိသားစုများက တစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


(သတင်းစဉ်)

 

1