နယူးဒေလီ အောက်တိုဘာ ၂၃

အိန္ဒိယအစိုးရက အာဖဂန်နစ္စတန်နိုင်ငံ၌ ၎င်း၏ သံရုံးကို ပြန်လည်ဖွင့်လှစ်ရန် ယနေ့ကြေညာခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်တို့ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစ၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ရပ်ဆိုင်းထားခဲ့သည်။ အိန္ဒိယသံရုံးပြန်လည်ဖွင့်လှစ်သည့်   ဆုံးဖြတ်ချက်သည်  နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည့် အိန္ဒိယနိုင်ငံ၏ သန္နိဋ္ဌာန်ကို အလေးပေးခြင်းဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက မြို့တော်နယူးဒေလီ၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာနှင့် တာလီဘန်အုပ်ချုပ်ရေးအဖွဲ့တို့    တွေ့ဆုံပြီးနောက် ယခု ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။  အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာက ကဘူးလ်မြို့တော်၌ အိန္ဒိယသံရုံးဖွင့်လှစ်မည့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

အိန္ဒိယနှင့် အာဖဂန်နစ္စတန်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးမြှင့်တင်မှုသည် အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်