ဗန်ကောက် အောက်တိုဘာ ၂၃
ထိုင်းအစိုးရသည် တရုတ်ခရီးသွားများအတွက် အလွန်အရေးပါသော ဘေးကင်းရေးအစီအမံများကို လုပ်ဆောင်လျက်ရှိကြောင်း ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ လက်ထောက်အမြဲတမ်း အတွင်းဝန် ဝါနီဒါ ဖန်ဆက်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
ဗန်ကောက်မြို့တော်၌ ကျင်းပသည့် တရုတ်ခရီးသွားများ ဘေးကင်းစေရေးအစည်းအဝေးတွင် နိုင်ငံတစ်ဝန်း၌ ခရီးသွားဝန်ဆောင်မှုစင်တာ ၇၉ ခုပါရှိသည့် ကွန်ရက်တစ်ခုကို ဖန်တီးပြုလုပ်ထားကြောင်း ၎င်းက ပြောကြားကြသည်။
အဆိုပါအစည်းအဝေးသို့ ခရီးသွားရဲဗျူရို၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုနှင့် လေဆိပ်အာဏာပိုင်တို့ အပါအဝင် ထိုင်းဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အကူအညီလိုအပ်သော ခရီးသွားများအနေဖြင့် အရေးပေါ်ဖုန်းနံပါတ် ၁၁၅၅ သို့မဟုတ် အရေးပေါ်အခြေအနေသတင်းပို့ရန် ထိုင်းခရီးသွားရဲဌာန၏ အက်ပလီကေးရှင်းသို့ အကူအညီတောင်းခံနိုင် ကြောင်း သိရ သည်။
အထင်ကရ ခရီးသွားနေရာများတွင် စောင့်ကြည့်ကင်မရာများစွာတပ်ဆင်ကာ ခရီးသွားများ၏ လုံခြုံရေးကို အလေးပေးတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားသားခရီးသွားများအတွက် ခရီးသွားအာမခံအစီအစဉ်များကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထိုင်းအစိုးရအနေဖြင့် တရုတ်ခရီးသွားများအတွက် လုံခြုံရေးပိုမိုခိုင်မာသော အစီအမံများချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အတိုင်ပင်ခံနှင့် ကောင်စစ်ဝန်ချုပ် ဝူကျန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုဆွဲဆောင်ရန် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ဆန္ဒရှိကြောင်းလည်း ဝူကျန်းက ပြောကြားခဲ့သည်။
ယခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ၃ ဒသမ ၄၂ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


