အစ္စလာမာဘတ် အောက်တိုဘာ ၂၃
ပါကစ္စတန်နိုင်ငံရှိ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍအတွက် လျှပ်စစ်ဓာတ်အားခလျှော့ချကောက်ခံမည့် အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားသည်။
ယခုဆောင်ရွက်ချက်သည် နိုင်ငံဖွံ့ဖြိုးရေးအတွက် လက်ဆောင်တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် နိုဝင်ဘာလမှ ၂၀၂၈ ခုနှစ်အောက်တိုဘာလအထိ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ၂၂ဒသမ ၉၈ ရူပီးကို ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စိုက်ပျိုးရေးအတွက် လျှပ်စစ်ဓာတ်အား တစ်ယူနစ် လျှင် ၃၈ ရူပီး ကောက်ခံပြီး စက်မှုလုပ်ငန်းအတွက် ၃၄ရူပီးကောက်ခံသည်။ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားခများလျှော့ချကောက်ခံခြင်းဖြင့် ထုတ်လုပ်မှုများမြင့်တက်လာမည်ဖြစ်ကြောင်း ရှာဗတ်ရှာရစ်က ပြောကြားသည်။
နိုင်ငံအတွင်း ပြီးခဲ့သည့်နှစ် ဆောင်းရာသီကာလက ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေး အစီအစဉ်ကြောင့် စက်မှုလုပ်ငန်းနှင့် လယ်ယာကဏ္ဍတွင် လျှပ်စစ်ဓာတ်အားအများအပြား သုံးစွဲနိုင်ခဲ့ကာ စိုက်ပျိုးသီးနှံများ အများအပြားစိုက်ပျိုးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်ခဲ့ခြင်းကြောင့် အနာဂတ်ကာလတွင် နိုင်ငံ့စီးပွားရေးကို ပိုမိုကောင်းမွန်လာမည်ဟု ၎င်းက ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


