ကျောင်းကုန်း အောက်တိုဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် တံခွန်တိုင်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲရေး နည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်မြင့်မြင့်နွယ်က ပြည်ပပို့ကုန်သီးနှံများ ဖြစ်သည့် ဆန်၊ ပဲတီစိမ်းနှင့် မတ်ပဲများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းများ မပါရှိစေရေးအတွက် ပိုးသတ်ဆေးကို စနစ်တကျကိုင်တွယ်အသုံးပြုနိုင်စေရေး ရှင်းလင်းပြောကြားသည်။

 

အဆိုပါ နည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ တံခွန်တိုင်၊ ဗြိုက်၊ ဇရပ်ကွင်း၊ ကညင်သုံးဆင့်၊ ကိုင်းတာကျေးရွာများမှ တောင်သူ ၄၇ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)