ရန်ကုန်    အောက်တိုဘာ   ၂၃

၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆) နောက်ဆုံးပွဲကို အောက်တိုဘာ ၂၃ ရက်က  ဆက်လက်ကျင်းပရာ   ဒဂုံစတားယူနိုက်တက်အသင်း နိုင်ပွဲရယူပြီး ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတွင် ဒဂုံစတားယူနိုက်တက် အသင်းက နိုင်ပွဲရယူပြီး ချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် အနိမ့်ဆုံး သရေကျလျှင်ပင် ချန်ပီယံဆုရယူနိုင်မည်ဖြစ်သော်လည်း ရှုံးပွဲကြုံတွေ့သဖြင့် ချန်ပီယံဖြစ်နိုင်မည့် အခွင့်အရေးလက်လွှတ်ခဲ့ရခြင်းဖြစ်သည်။          

ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်သောကြောင့်  နှစ်သင်းစလုံး အားကုန်ထုတ်ကစားပြီး   ဒဂုံစတားယူနိုက်တက်အသင်းအတွက်  အနိုင်ဂိုးကို  မိနစ် ၃၀ တွင် ဆုမင်းအောင်က သွင်းယူသည်။

ပြိုင်ပွဲအပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက   ၅၉   မှတ်ဖြင့်   ချန်ပီယံ၊ အား/ကာသိပ္ပံအသင်းက ၅၇ မှတ်ဖြင့် ဒုတိယ၊ ရှမ်းယူနိုက်တက်အသင်းက ၅၂ မှတ်ဖြင့် တတိယရရှိပြီး ရန်ကုန်ယူနိုက်တက်အသင်း က ၅၁ မှတ်၊ Junior Lionsအသင်းက ၄၄ မှတ်၊ Falcon အသင်းက ၄၁ မှတ်၊ ဧရာဝတီယူနိုက်တက်အသင်းက ၃၇ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းက ၃၅ မှတ်စီ၊ ရတနာပုံအသင်းက ၃၃ မှတ်၊ ရာမညယူနိုက်တက်အသင်းက ၂၅ မှတ်၊ မဟာယူနိုက်တက်အသင်းက ၁၄ မှတ်၊ ရခိုင်ယူနိုက်တက်အသင်းက ၁၃ မှတ်၊ Dagon Port အသင်းက ၁၁ မှတ် အသီးသီးရရှိခဲ့ကြသည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MNL